မကွေးတိုင်း ပေါက်မြို့နယ်နယ်ထဲကအိမ်ခြေ (၂၄၀) လောက်ရှိတဲ့ ကျွန်းတိုင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက အခုရက်ပိုင်းအတွင်း အင်အားအလုံးအရင်းနဲ့ မီးတင်ရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရပြီး၊ စသိန်းကျေးရွာ၊ ညောင်ရင်း၊ ဂွေးဂုံအစရှိတဲ့ရွာတွေကိုလဲ မီးဆက်ရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီလိုမီးရှို့မှု့တွေကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ညအချိန်မတော် ရရာအထုတ်ဆွဲပြီး ဘေးလွတ်ရာပြေးကြရသလို ပေါက်မြို့နယ်အတွင်းမှာပဲ စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်နီးပါးအထိ မြင့်တက်လာပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ခုကနာရီပိုင်းမှာကို ရွာသုံးရွာလောက် မီးတင်ရှို့နေတာ ဝင်လာတော့လဲ ညဖက်ကြီးတွေ၊ ဒေသခံတွေက ညကြီးမင်းကြီး ရှိတဲ့အထုတ်လေးဆွဲပြေးကြရတာ တောထဲတောင်ထဲ”လို့ ပေါက်မြို့နယ်ဒေသခံတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီက လတ်တလောရွာစဉ်လှည့် မီးရှို့နေတဲ့ရွာတွေဟာ စစ်ကောင်စီနဲ့ ဒေသခံတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတဝိုက်ရွာတွေဖြစ်သလို အဲ့ဒီလမ်းတလျှောက်ဟာ ပြီးခဲ့တဲ့ လမ်းအနည်းငယ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ ဇီးပြားရဲစခန်းကို သွားတဲ့လမ်းလည်း ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက် မီးရှို့တာတွေကြောင့် ပေါက်မြို့နယ်အတွင်း ရွာပေါင်းနှစ်ဆယ်ဝန်းကျင်က အိမ်ခြေတထောင်လောက် ပျက်စီးဆုံးရှုံးခဲ့ပြီးပြီလို့ဆိုပါတယ်။
ပေါက်မြို့နယ် ကျွန်းတိုင်းကျေးရွာကို မနေ့ညက မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းတိုင်းကနေ ဂွေးကုန်းရွာဘက် ဆက်ထွက်လာချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ ပြည့်သူ့တော်လှန်ရေးတပ်ဦး (PRF) က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပေါက်၊ ပုခုက္ကူကားလမ်းမပေါ်က တံတားနဲ့နေရာတချို့မှာ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ပေါက်မြို့နယ်အတွင်း ကျေးရွာတချို့က ပြည်သူတွေကို ဖြတ်သန်းခွင့်မပေးတာ၊ မထင်သလို ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့လဲ ဒေသခံတွေက ဆိုပါတယ်။