ဒေသတွင်းစစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာ (၁၂) ရက်ကတည်းက သွားလာခွင့်တားမြစ်ထားတဲ့ ကလေး- တမူးလမ်းကို နိုဝင်ဘာ (၂၂) ရက် ဒီကနေ့ကစ သွားလာနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း (၃) တမူး၊ စစ်ကိုင်းက ထုတ်ပြန်ပါတယ်။
တမူး-ကလေး အာရှလမ်းမကြီးပေါ်မှာ ဒေသခံကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား စစ်ရေးတင်း မာမှုဖြစ်ခဲ့တာကြောင့် အများပြည်သူတွေထိခိုက်နစ်နာမှုမရှိစေဖို့ သွားလာခွင့်ယာယီပိတ်ထားခဲ့ရတာဖြစ်ပြီး အခုအခါ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ကျန်းမာရေး၊ လူမူရေးနှင့် ကုန်စည်စီးဆင်းမှုအခက်အခဲမဖြစ်အောင် ပြန်လည်သွားလာနိုင်ပြီ လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ကောင်းတာပေါ့ဗျာ၊တမူးမှာက (စက်သုံး)ဆီကပြတ်နေပြီ၊ ကြာရင်အခြားဟာတွေလည်းမလွယ်ဘူး၊ တမူးဆိုတာကလေးကိုမှီခိုနေရတာ၊ဟိုဘက်မိုးရေးကလည်း တမူးကိုမှီခိုနေရတာ” လို့ တမူးမြို့ခံတဦးကပြောပါတယ်။
တမူးမြို့ကိုဝင်တဲ့ကုန်စည်အများစုဟာ ကလေးမြို့ကနေလာတာဖြစ်တဲ့အတွက် လမ်းပိတ်ထားတဲ့ကာလမှာ တမူးမြို့ခံတွေအခက်တွေ့ကြရတယ်လို့ဆိုပါတယ်။
ကလေး -တမူးကားလမ်းရေရှည်ပိတ်ခဲ့ရင် တမူးဘက်ကပြည်သူတွေပိုခက်ခဲမယ်လို့လည်း တမူးမြို့ခံတွေက ပြောပါတယ်။
ကလေး – တမူး ကားလမ်းပိတ်ထားတဲ့ ဆယ်ရက်တာကာလအတွင်း တမူးမြို့က ပြည်သူတွေဟာ အိန္ဒိယ မိုးရေးဘက်က မှောင်ခိုသွင်းတဲ့ ဓာတ်ဆီ၊ဒီဇယ်ကို ခက်ခက်ခဲခဲဝယ်ယူသုံးစွဲကြရတယ်လို့သိရပါတယ်။