ပုလဲမြို့​ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့​ထွေအုပ်ရုံးကို ဒေသခံကာ ကွယ်ရေးတပ်တွေက နိုဝင်ဘာ(၂၂)ရက် ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်နဲ့ မြို့ခံတွေဆီက သိရပါတယ်။

ပုလဲမြို့ ထွေအုပ်ရုံးကို ၇၉ (မမ) လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင် ရုံးအပြင်ဘက် ထွက်လာသူတွေကိုလည်း ဆွဲမိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

“ကျွန်​တော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးက ​​ထွေအုပ်ရုံးထဲကို တည့်တည့်ကျသွားပြီး ​ပေါက်ကွဲခဲ့ပါတယ်”လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်း ဆောင် ရဲဘော်ပေက DNA ကို ​ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်ပြီးချိန်မှာ ရုံးထဲကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အသင့်ထောင်ထားတဲ့ ဆွဲမိုင်းနှစ်လုံးနဲ့လည်း ဖောက်ခွဲခဲ့ပြီး သတင်းတွေအရ စစ်ကောင်စီဘက်က ငါးဦးသေကာ ခြောက်ဦးဒဏ်ရာရတယ်လို့ သူကဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို DNA က သီးခြားအတည်မပြုနိုင်ပေမယ့် ထွေအုပ်ရုံး တိုက်ခိုက်ခံရတာကိုတော့ ပုလဲမြို့ခံတဦးက အတည်ပြုပါတယ်။

“မနက်က ပစ်ခတ်တဲ့အသံ​​တွေကြားရတယ်၊ ​နောက်မှသိရတာက ​ထွေအုပ်ရုံးကို ဝင်ပစ်တယ်လို့ကြားရတယ်၊ အထိအခိုက်ရှိတယ်လို့လည်း ကြားရတယ်” လို့ ပုလဲမြို့ခံတဦးက DNA ကိုပြောပါတယ်။

လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာကြောင့် ထွေအုပ်ရုံးထဲက စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ရမ်းသန်းတုံပြန်ပစ်ခတ်ခဲ့ပြီး လူနေအိမ်တလုံးပေါ်ကျတယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်း ဆောင် ရဲဘော်ပေကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုလည်းရှိခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ဟာ အခုလဆန်းပိုင်းကလည်း ပုလဲမြို့နယ် ရဲစခန်းကို အခုလိုပုံစံတူတိုက်ခိုက်ခဲ့ဖူးပါတယ်။