ဖျာပုံက ရဲတပ်ဖွဲဝင်ရဲ့ဇနီးနဲ့ စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကို အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ PDF တွေကို ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားသူတွေထဲက ရဲတပ်ဖွဲ့ဝင်ရဲ့ဇနီးတစ်ဦးနဲ့ မြို့ခံစီးပွားရေးလုပ်ငန်းရှင် ၂ ဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ် ၊ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထင်လင်းရဲ့ ဇနီး မကေသီဝင်း (ခ)ငယ်ငယ်နဲ့ အတူ Brother လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးမျိုး ၊ ဆွေသဟာ တည်းခိုခန်း လုပ်ငန်းရှင် မဆွေဆွေလှိုင် တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ က အကြမ်း ဖက် ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

“PDF ထောက်ပံတယ်ဆိုပြီး ဖမ်းထားတာ ၂၀ ကျော်တယ် ၊ ခုတော့ သူတို့ ၃ ဦးကိုဘဲ အကြမ်းဖက်ပုဒ် မနဲ့ အမှုဖွင့်လိုက်တယ် ကျန်တဲ့သူတွေကိုတော့ စစ်ဆေးနေကြတုန်း” လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီး စပ်သူတစ်ဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ ဖျာပုံမြို့ထဲက စီးပွားရေးလုပ်ငန်းရှင် ၅ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ဇနီးအပါအဝင် လူအယောက် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို PDF , NUG , CRPH, CDM ထောက်ခံသူ ထောက်ပံ့သူတွေဆိုပြီး စွပ်စွဲဖမ်းဆီး ထောင်ချတာတွေလည်း အရင်ကရှိခဲ့ဖူးတယ်လို့ မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူကလည်း DNA ကိုပြောပြပါတယ်။

“စစ်တပ်ကကောင်တွေက ရဲလည်းမယုံ CDM မလုပ်တဲ့ တခြားဌာနဆိုင်ရာ ဝန်ထမ်းလည်းမယုံ သူ တို့စစ်သား အချင်းချင်းလည်း မယုံဖြစ်နေကြတယ်” လို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်ထဲမှာလည်း ဖျာပုံမြို့နယ် လျှပ်စစ်ရုံးနဲ့ စိုက်ပျိုးရေးရုံးအနီးမှ ဗုံး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသား ၂ ဦးကို စစ်ကောင်စီက မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ပြန်မလွှတ်ပေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ရုံးဝန် ထမ်းအမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီရဲ့ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-(ည) နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့သေးတယ်လို့ ဆက်သိရပါတယ်။