သမီးဖြစ်သူကို စတင် ပွဲထုတ်လာတဲ့ ကင်ဂျုံအန်း 

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ သမီးဖြစ်သူကို ပထမဆုံးအကြိမ် ကမ္ဘာ့မီဒီယာတွေ ရှေ့ကို ပွဲထုတ် ပြသစေခဲ့ပါတယ်။ 

အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြား ရှိမယ်လို့ ယူဆရတဲ့ သမီးဖြစ်သူကို ကင်က မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် မလွှတ်တင်ခင် လိုက်လံ ပြသနေပုံတွေကို အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီ တာဝေးပစ် ဒုံးကျည်ကို မြောက်ကိုရီးယားက နိုဝင်ဘာ ၁၈ ရက်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယား မီဒီယာတွေက ဖအေကို လက်တွဲပြီး လမ်းလျှောက်နေတဲ့ မိန်းကလေးရဲ့ နာမည်ကို မဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နီးစပ်သူ တချို့ကတော့ မိန်းကလေးရဲ့ နာမည်ဟာ ကင်ဂျူအေး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကင်ဟာ အရင်တုန်းက သူ့သမီးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူသိရှင်ကြား ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပါဘူး။ 

KCNAက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ကင်တို့ သားအဖနဲ့အတူ ကင်ရဲ့ ဇနီးဖြစ်သူ ရီဆိုဂျူပါ အဲဒီနေရာမှာ ရှိနေခဲ့တာ တွေ့ရပါတယ်။ ရီဟာ ကင်အတွက် သမီးလေး ၂ ဦးနဲ့ သားလေး ၁ ဦး မွေးဖွားပေးထားတယ်လို့ ယုံကြည်ရပါတယ်။ 

မြောက်ကိုရီးယားအရေး လေ့လာသူ တစ်ဦးဖြစ်တဲ့ မိုက်ကယ် မက်ဒန်က ကင်က သမီးကို ပွဲထုတ်တာ နိုင်ငံတကာ အမြင်မှာတော့ ဒီတစ်ကြိမ် ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့ရဲ့ မျိုးဆက်ကို နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပိုမို ထိတွေ့လာစေဖွယ် ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ 

ကင်ဟာ သူ့ရဲ့ အရိုက်အရာခံ ပုဂ္ဂိုလ် ရွေးချယ်ရေးနဲ့ ပတ်သက်လို့ သူ့သဘောထားကို ထုတ်ပြောတာမျိုး မရှိခဲ့ဖူးပါဘူး။ လေ့လာသူတွေကတော့ တစ်ခုခု အရေးကြုံလာရင် သူ့ညီမလည်းဖြစ်တဲ့၊ သူ့အပေါ်လည်း အထူးသစ္စာ စောင့်သိတဲ့ ကင်ယိုဂျောင်ဟာ ကင်ရဲ့ သားသမီးတွေ ကြီးပြင်းလာတဲ့ထိ နိုင်ငံကို ဝင်ရောက် ထိန်းသိမ်း အုပ်ချုပ်ပေးတာမျိုး ရှိနိုင်ကြောင်း မှတ်ချက် ပေးထားကြပါတယ်။