အီရန် အစ္စလာမ်မစ်နိုင်ငံ ထူထောင်သူ ခိုမေနီရဲ့ နေအိမ်ကို ဆန္ဒပြသူတွေ မီးရှို့ 

အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေက အစိုးရအဖွဲ့ ခေါင်းဆောင်ဟောင်း အယာတိုလာ ရူဟိုလာ ခိုမေနီ ပိုင်ဆိုင်တဲ့ နေအိမ်ကို မီးတင်ရှို့ခဲ့ကြကြောင်း သိရပါတယ်။ 

လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ ခိုမိန်းမြို့မှာရှိတဲ့ ခိုမေနီရဲ့ ဘိုးဘွားပိုင် နေအိမ်မှာ မီးတွေ လောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ မီဒီယာတွေက အခု သီတင်းပတ်ကုန်မှာ မီးလောင်မှု ဖြစ်တာဟာ ခိုမေနီတို့ မိသားစု အစဉ်အဆက် ပိုင်ခဲ့တဲ့ နေအိမ် ဆိုတာကို အတည်ပြုပေမယ့် အာဏာပိုင်တွေကတော့ မီးရှို့တိုက်ခိုက်ခံရကြောင်း သတင်းတွေကို ငြင်းဆိုထားပါတယ်။ 

ခိုမေနီဟာ အီရန်ကို အစ္စလာမ်မစ် ဘာသာရေး အခြေခံ စည်းမျဉ်းတွေနဲ့ ပြောင်းလဲ အုပ်ချုပ်စေတဲ့ ၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ အီရန် အစ္စလာမ်မစ် နိုင်ငံကို စတင် ထူထောင်သူလို့လည်း ညွှန်းဆိုခံရတဲ့ ခိုမေနီဟာ အီရန်ရဲ့ ဘာသာရေး အခြေခံ အစိုးရအဖွဲ့မှာ ပထမဆုံး ခေါင်းဆောင် ဖြစ်လာပြီး ၁၉၈၉ ခုနှစ်၊ သူကွယ်လွန်ချိန်ထိ အဲဒီရာထူးကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ 

အခု မီးရှို့ခံရတဲ့ နေအိမ်ဟာ ခိုမေနီကို မွေးဖွားခဲ့ရာ နေရာဖြစ်ပြီး ပြတိုက်ငယ် တစ်ခုအဖြစ် သတ်မှတ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ 

အီရန် အစိုးရ မီဒီယာ တချို့ကတော့ နေအိမ် မီးရှို့ခံရတယ် ဆိုတာကို ငြင်းဆိုခဲ့ပြီး အိမ်ရှေ့က လူစုလူဝေးကလည်း ကွယ်လွန်သူ ခေါင်းဆောင်ဟောင်းကြီးကို ကြည်ညိုလို့ လာရောက် ရည်စူး ဂါရဝ ပြုသူတွေလို့ ဖြေရှင်းထားပါတယ်။ 

ဘာသာရေး ရဲတွေရဲ့ အကြမ်းပတမ်း ကိုင်တွယ် အရေးယူမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး အီရန်နိုင်ငံ အနှံ့မှာ ဘာသာရေး အခြေပြု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ အခုဆိုရင် ၃ လလောက် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။