ကျိုက်လတ်မြို့ခံ ဆေးကျောင်းသားတဦး အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲခံရ

ရန်ကုန်စစ်ခုံရုံးကနေ ဧရာဝတီတိုင်း ကျိုက်လတ်မြို့တရားရုံးကို လွှဲပြောင်းထားတဲ့ ကျိုက်လတ်မြို့ခံ ဆေး ကျောင်း သား တဦးဟာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြစ်တဲ့ ၅၀(ည)နဲ့ တရားစွဲဆိုခံထားရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ကျိုက်လတ်မြို့ (၂၄) လမ်းက မြို့ခံဖြစ်ပြီး ရန်ကုန်ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုကျော်ဇေယျကို ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဖို့ နိုဝင်ဘာ (၁၅) ရက်က ကျိုက်လတ်မြို့တရားရုံးမှာ ချုပ်မိန့် ရီမန်ယူခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

“စစ်ကြောရေးမှာ ဘယ်အချိန်ထဲက ဘယ်လောက်နှိပ်စက်ထားလဲတော့ မသိဘူး၊ ကျိုက်လတ် တရားရုံးမှာ ပြန်ပို့ပြီး အ ကြမ်းဖက်နဲ့ တရားစွဲ ဖို့ ရီမန်ယူလိုက်တာကိုသိရတယ်၊ဘာကြောင့်လဲ ဆိုတာမသိရသေးဘူး ၊တရားခွင် စစ်တော့မှပဲ သိရမယ်၊ပညာတတ်ကလေးတွေ ဆုံးရှုံးကြရတယ် “လို့ ကျိုက်လတ် မြို့ခံတဦးက ပြောပါတယ် ။

ကိုကျော်ဇေယျဟာ ရန်ကုန်မြို့မှာပဲ ဖမ်းဆီးခံရကာ စစ်ကြောရေးမှာနှိပ်စက် စစ်ဆေးမေးမြန်းခံထားရ တာဖြစ် ပြီး ဘယ် အချိန်က ဖမ်းဆီးခံရတယ်၊ဘာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတယ်ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာ ရန်ကုန်စစ်ခုံရုံးကနေ ကျိုက်လတ်တရားရုံးကို လွှဲပြောင်းခံရတဲ့ ကျိုက်လတ်မြို့ခံဟာ ကိုကျော်ဇေယျ တဦးတည်းသာရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင်တဦး ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ဒေသခံ အများအပြား ဖမ်းဆီးခံရပြီး အသက်ခြောက်ဆယ်ကျော် အရွယ်ရှိသူ ဒေါက်တာစောထွန်းနိုင်ကိုတော့ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။