မီးစတဖက် ရေမှုတ်တဖက်နဲ့ ရက်စက်ယုတ်မာမှုစရိုက်အပြည့်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ဗျုဟာကို သတိ ထားဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်ပြောတဲ့ မနေ့က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အမျိုးသားနေ့ကိုအကြောင်းပြုပြီး နိုင်ငံရေးအကျဥ်းသား အနည်းစုနဲ့ တခြား အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ယာယီ သမ္မတက အခုလိုပြောဆိုတာဖြစ်ပါတယ်။
“စစ်အာဏာရှင်တွေဟာ လူထုကို ချော့မြူလိုက်၊ ရိုက်ပုတ်စော်ကားလိုက်လုပ်ခဲ့တယ်၊ အခုလည်းချော့မြူသလိုလိုနဲ့ လူထုအသက်ကို သူ့အာဏာအတွက် စတေးနေဆဲဖြစ်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အပေါ်ယံအားဖြင့် သက်ညှာမှုရှိသလို ဖြစ်ပေမယ့် အတွင်းကျကျ ပြန်ကြည့်ရင် သူတို့ရဲ့ထွက်ပေါက်အတွက် လုပ်တာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ ယာယီ သမ္မတက ဆိုပါတယ်။
လွတ်မြောက်လာတဲ့ အကျဥ်းသားတွေအတွက် ကိုယ်ချင်းစာနာမူနဲ့ ဝမ်းမြောက်ပေမယ့် နိုင်ငံတော်သမ္မတဦး ဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ချီတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေဟာ စစ်အုပ်စုရဲ့ အကျဥ်းစခန်းအသီးသီးမှာ မတရားဖမ်းဆီးခံထားရဆဲ၊ နိုပ်စက်ညှင်းပန်းခံ နေရဆဲ၊ အသက်ပေးနေကြရဆဲဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်အုပ်စုက လွတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ တရားမျှတမူအတွက် ရပ်တည်တိုက်ပွဲ ဝင်ခဲ့သူ တွေ၊ မတရားဖမ်းဆီး၊ မမှန်မကန်စွပ်စွဲချက်တွေနဲ့ စီရင်ချက်ချခံရတဲ့သူတွေဖြစ်ပြီး နဂိုကတည်းက ထောင်ချ စရာမလို သူတွေဖြစ်တယ်လို့လည်းယာယီ သမ္မတ ဒူဝါလရှီးလကဆိုပါတယ်။
စစ်အုပ်စုဟာ တဖက်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးပေမယ့် တဖက်မှာ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပြည် သူ တွေအပေါ် လေယာဥ်နဲ့ဗုံးကျဲပြီး နေ့စဥ်ရက်ဆက်သတ်ဖြတ်နေတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိမြင် လိမ့်မယ်လို့ မျော်လင့်ကြောင်းလည်း သူ့ရဲ့မိန့်ခွန်းမှာထည့်ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ပြည်သူတွေတိုက်ပွဲဝင်နေခဲ့တဲ့ နှစ်နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး ရဲ့အသီးအပွင့်တခုလည်းဖြစ်ပြီး ပြည်သူတွေမျှော်လင့်နေတဲ့ အန္တိမပန်းတိုင်ကိုရောက်အောင် ဆက်လက်ချီ တက်ဖို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။