လက်နက်ကြီးကြောင့် ကရင်နီဒေသမှာ လဝက်အတွင်း ပြည်သူတဦးသေဆုံးပြီး သုံးဆယ်နီးပါး ဒဏ်ရာရ၊ အိမ်ငါးဆယ် ကျော်ပျက်စီး

စစ်ကောင်စီက အရပ်သားတွေနဲ့ လူနေဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကရင်နီ (ကယား) ပြည်နယ်မှာ အခုလဝက်အတွင်း ပြည်သူတဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရသလို နေအိမ် (၅၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်ပြည်နယ် အတိုင်ပင်ခံကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒါဟာ အခုလဆန်းကနေ နိုဝင်ဘာ (၁၅) ရက်အထိ အချက်အလက်တွေဖြစ်ပြီး စစ်ကောင်စီက အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်က ဆိုပါတယ်။

လွိုင်ကော်၊ဒီးမော့ဆို၊နဲ့ ဖရူဆိုမြို့တွေက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လက် နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခဲ့လို့ ထိခိုက်မှု၊သေဆုံးမှုနဲ့အဆောက်အအုံပျက်စီးမှုတွေရှိခဲ့တာဖြစ်ပြီး သေဆုံး ထိခိုက်သူတွေထဲ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးချိုး ဖောက်တာဖြစ်တဲ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပြီးကရင်နီပြည်နယ် အတိုင်ပင် ခံကောင်စီအနေနဲ့ ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက မူကြိုကျောင်းတကျောင်းကို နိုဝင်ဘာ(၁၅)ရက်မှာ စစ်တပ်က ပစ်ခတ် တဲ့ လက်နက်ကြီးထိမှန်လို့ ငါးနှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး ကိုးလအရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ သံတမန်တွေအနေနဲ့ နှုတ်ဆိတ်မနေဘဲ ထိရောက်တဲ့အရေးယူမှု ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဖို့လည်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက တောင်းဆိုထားပါတယ်။