ခင်ဦးအနောက်တောင်ဘက် ရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသခံလေးထောင်ဝန်းကျင် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်းကို နိုဝင်ဘာ ၁၇ ရက်မနေ့ကစပြီး စစ်တပ်က အင်အား တရာလောက်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ လေးထောင်လောက် တိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အခုလို ဒေသခံ ထောင်ချီ ထပ်ပြီးတိမ်းရှောင်ရတာကြောင့် ခင်ဦးမြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင် နေရသူ စုစုပေါင်း (၁၈၀၀၀) ဝန်းကျင်အထိရှိလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ကိုလေပြေက ပြောပါတယ်။

“စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေက ဆောင်းရာသီဖြစ်နေတာကြောင့် အခက်ခဲများစွာရှိတယ်၊ လက်ရှိမှာ စစ်တပ်က တပ်စွဲထားတဲ့ ရွာနဲ့ဝေးတဲ့ကျေးရွာတွေက ကူညီပေးထားပါတယ်၊ (စစ်တပ်က) ကျေးရွာကို မီးရှို့တာမျိုး မရှိသေးဘူး၊ မီးထပ်မရှို့ပါစေနဲ့ ဆုတောင်းရမယ်” လို့ သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း ခင်ဦးအနောက်တောင်ဘက်ရွာတွေထဲ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ မနေ့က ကုန်းသာကျေးရွာက ဆယ်တန်းကျောင်းသားနှစ်ဦးအပါအဝင် ဒေသခံ သုံးဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားပြီး ရွှေယမင်းရွာထဲ တပ်စွဲကာ ပြည်သူပိုင်ဆိုင်ကယ်ငါးစီး မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့နမနက်ပိုင်းမှာတော့ ကံကြီးကုန်းရွာ၊ မဏီကုန်းရွာတွေဘက်ကနေ တပင်ကောင်းရွာဘက် ဦးတည်ထွက်လာပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ကဖမ်းဆီးခံရတဲ့ ကုန်းသာရွာ ဒေသခံ သုံးဦးထဲက ဆယ်တန်းကျောင်းသားနှစ်ဦးကို စစ်တပ်ကပြန်လွှတ်ပေးလိုက်ပေမယ့် ကျန်အမျိုးသားတဦးကိုတော့ ဒီကနေ့မနက်ပိုင်းအထိ မလွှတ်ပေးသေးဘူးလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကဆိုပါတယ်။

စစ်ကောင်စီက ကျေးရွာတွေထဲ လည့်ပတ်မွှေနှောက်နေချိန်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက (၂၅) နှစ်အရွယ်ဒေသခံ အမျိုးသားတဦးကို ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ကြရသလို နိုဝင်ဘာ (၁၀) ရက်ကလည်း (၁၈) နှစ်အရွယ်အမျိုးသားတဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီရုပ်အလောင်းတွေဟာ စစ်တပ်က သတ်ဖြတ်ထားခဲ့တဲ့ ရုက်အလောင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

အခုလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်မွှေနှောက်နေတာကြောင့် ခင်ဦးမြို့နယ်အတွင်း ရွာ ပေါင်း (၅၀) နီးပါးက နေအိမ် (၂၇၀၀) ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ဘေးရှောင် (၁၈၀၀၀) လောက် ရှိနေတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ကဆိုပါတယ်။

တိမ်းရှောင်နေရသူတွေဟာ အဝတ်တထည်ကိုယ်တခုနဲ့ အနွေးထည်၊ စောင်မပါဘဲ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သက်ကြီးဘိုးဘွားတွေအပါအဝင် မီးဖွားပြီးခါစ မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်တယ်လို့ ကိုလေပြေက ပြောပါတယ်။