ဂါဇာက ဒုက္ခသည် စခန်းတစ်ခုမှာ မီးလောင်ပြီး ကလေးတွေ အပါအဝင် လူနှစ်ဆယ်ကျော် သေဆုံး 

ဂါဇာ ကမ်းမြှောင်ဒေသက ဒုက္ခသည် စခန်းတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ထက်ဝက်လောက် အပါအဝင် လူ ၂၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဂါဇာက လူဦးရေ မတန်တဆ ထူထပ်နေတဲ့ ဒုက္ခသည် စခန်းက အဆောက်အအုံ တစ်ခုမှာ နိုဝင်ဘာ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ လက်ရှိ အချိန်ထိ အသေအပျောက် ၂၁ ဦးထက်မနည်း စာရင်းရထားပြီး ကလေး ၁၀ ဦး ပါဝင်တယ်လို့ ဆေးရုံက တာဝန်ရှိသူ ဒေါက်တာ ဆာလား အဘူ လိုင်လာက ပြောပါတယ်။ 

ဂျာဘာလိုင်လာ ဒုက္ခသည် စခန်းမှာ ပျံ့နှံ့ လောင်ကျွမ်းခဲ့တဲ့ မီးကို နာရီပေါင်း အတော်ကြာမှာ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဂျာဘာလိုင်လာဟာ ဂါဇာမှာ တည်ရှိတဲ့ ဒုက္ခသည်စခန်း ၈ ခုထဲမှာ ပါဝင်ပါတယ်။ 

ဂါဇာမြောက်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ အင်ဒိုနီးရှား ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ လိုင်လာက ဒုက္ခသည် စခန်းမှာ လောင်တဲ့မီးက အတော်များပြားတယ်လို့ ပြောပါတယ်။ ဗီဒီယို မှတ်တမ်းအချို့အရ ပြင်းပြင်းထန်ထန် မီးစွဲလောင်နေတဲ့ အဆောက်အအုံ​ အပြင်ဖက်မှာ လူတွေက အော်ဟစ် ငိုကြွေးနေတာ၊ ဆုတောင်းနေတာကို တွေ့ရပါတယ်။ 

မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ဒေသခံ တချို့ကတော့ မီးစက်နှိုးဖို့ ဓာတ်ဆီတွေ လှောင်ထားတဲ့ နေရာကနေ မီးစတင် ကူးစက်လာတာလို့ ပြောပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေက ဘယ်လိုမှ ကယ်လို့မရဘဲ မီးလောင် သေဆုံးသွားတယ်ဆိုတာ လက်ခံဖို့ ခဲယဉ်းလွန်းနေကြောင်း ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ 

ဂါဇာနည်းတူ ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသရဲ့ သမ္မတ မာမွတ် အဘက်စ်က ဒီကိစ္စဟာ ပါလက်စတိုင်း တစ်မျိုးသားလုံးအတွက် ကြေကွဲစရာ ဖြစ်ရပ်လို့ ကြေညာပြီး နိုဝင်ဘာ ၁၈ ရက် ဝမ်းနည်းကြေကွဲမှု နေ့ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

ဂါဇာကို ဘက်ပေါင်းစုံ ကန့်သတ် ထိန်းချုပ်ထားတဲ့ အစ္စရေး နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က အစ္စရေး တပ်တွေဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့နဲ့ ဒဏ်ရာရသူ​တွေကို အစ္စရေး ဆေးရုံတွေဆီ ရွှေ့ပြောင်းပေးဖို့ ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

ဂါဇာမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုတွေကြောင့် ဖယောင်းတိုင်ကစတဲ့ မီးဘေးအန္တရာယ်မျိုးတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ဂါဇာကို အစ္စရေးရဲ့ ရန်သူတော် ဟားမားစ် စစ်သွေးကြွတွေက အုပ်စိုးထားပြီး ဟားမားစ်တွေကို ထိန်းချုပ်ဖို့အတွက် အစ္စရေးက ဂါဇာကို ဘက်ပေါင်းစုံက ပိတ်ဆို့ ထိန်းချုပ်ထားတာကြောင့် ဒေသခံတွေရဲ့ လူနေမှု ဘဝက အကျပ်အတည်းပေါင်းစုံ ကြုံနေရတာပါ။ 

ဂါဇာမှာ လူဦးရေ ၂.၃ သန်းကျော် နေထိုင်ပြီး နယ်မြေ အကျယ်အဝန်းနဲ့ အချိုးချကြည့်ရင် ကမ္ဘာပေါ်မှာ လူဦးရေ အသိပ်သည်းဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ဂါဇာ လူဦးရေ ၆ သိန်းလောက်ဟာ အရမ်း လူနေကျပ်တည်းတဲ့ ဒုက္ခသည်စခန်း ၈ ခုမှာ ဖြန့်ကျက် နေထိုင်နေကြရကြောင်း သိရပါတယ်။