ဆီနီဂေါ တိုက်စစ်မှူး မာနေးရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက် ပျက်ပြယ်

အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဆာဒီယို မာနေးကို ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဆီ ခေါ်ဆောင်သွားဖို့ မျှော်လင့်ချက်ကို ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်က စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ် အသင်းမှာ ပါဝင်ကစားရင်း ဒဏ်ရာရသွားတဲ့ မာနေးကို ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှု ပြည့်ဝလာစေဖို့ ဆေးသိပ္ပံပညာနဲ့ရော၊ ကိုးကွယ်ယုံကြည်မှုနဲ့ပါ ကုစားဖို့ ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အားထုတ်ခဲ့ကြပါတယ်။ 

အစောပိုင်းမှာ ဆီနီဂေါ လက်ရွေးစင် အသင်းက အသက် ၃၀ အရွယ် မာနေး အနေနဲ့ အုပ်စုအဆင့် အစောပိုင်း ပွဲစဉ်တချို့ကို လွဲချော်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ MRI Scan ပြန်ဖတ်ပြီး စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့ ဒူးဒဏ်ရာက ထင်ထားတာထက် ပိုပြင်းထန်ပြီး ခွဲစိတ်မှု ခံယူဖို့ လိုအပ်ကြောင်း တွေ့ရှိခဲ့တာကြောင့် ဆီနီဂေါ အသင်းနဲ့ မာနေးရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့ရတာပါ။ 

ဂျာမန်ချန်ပီယံ ကလပ်အသင်း ဘိုင်ယန်ကလည်း သူတို့ရဲ့ ကစားသမားကို အောင်အောင်မြင်မြင် ခွဲစိတ်ခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ခွဲစိတ်မှုမှာ ဆာနေးရဲ့ ညာဖက်ဒူးအရိုးက အရွတ်ကို ပြန်ချုပ်ပြီး ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါ မာနေးဟာ ခွဲစိတ်မှုအပြီး ပြန်လည် နာလန်ထရေး အစီအစဉ်တွေ စတင်နေပြီလို့လည်း ဘိုင်ယန်က ထုတ်ပြန်ပါတယ်။ 

အာဖရိကတိုက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို နှစ်ကြိမ် ရရှိဖူးပြီး ပြီးခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ ဆီနီဂေါအသင်း ဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့တဲ့ မာနေးကို လက်လွှတ်လိုက်ရတာဟာ ကမ္ဘာ့ဖလားအတွက် အကြီးအကျယ် ရည်မှန်းချက်ထား ပြင်ဆင်နေတဲ့ ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်နဲ့ ပရိသတ်တွေအတွက် ပြင်းထန်လွန်းတဲ့ ထိုးနှက်ချက်မျိုး ဖြစ်လာပါတယ်။ 

မာနေး ကိုယ်တိုင်လည်း ကမ္ဘာ့ဖလားအတွက် အစွမ်းကုန် အားခဲ ပြင်ဆင်ထားရာကနေ အခုလို လွဲချော်သွားတာကြောင့် ကြေကွဲစရာတွေ ကြုံလာရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက တောက်ပတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တာကြောင့် အခုနှစ် ရွှေဘောလုံးဆုအတွက် မဲပေးရွေးချယ်ရာမှာ ကာရင် ဘန်ဇီးမားနောက် ဒုတိယ နေရာ ရရှိခဲ့ပါတယ်။ 

ဆီနီဂေါမှာ ကူလီဘာလီ၊ ဆားတို့လို ထိပ်တန်း ကြယ်ပွင့်တချို့ ပိုင်ဆိုင်ထားပေမယ့် မာနေးကတော့ အသင်းအပေါ်မှာ ဩဇာ အလွှမ်းမိုးနိုင်ဆုံးနဲ့ ရလဒ်တွေကို အပြောင်းလဲပစ်နိုင်ဆုံး ကစားသမားအဖြစ် မှတ်ယူ ခံထားရပါတယ်။