
မီးရောင်စုံတွေ လှလှပပ တန်ဆာဆင်ထားတဲ့ အပျော်စီး ချားရဟတ်တွေ…။လေသင်္ဘောတွေ..။ဒါဟာပွဲတော် တ ခု၊ဈေးတန်းတခုရဲ့မြင်ကွင်းကို ပိုလှပပြည့်စုံသွားစေတဲ့ ပုံရိပ်တွေပေါ့။အခုလည်း အဲ့ဒီပုံရိပ်တွေတော့ရှိပေမယ့် ဒေါနမြေက အစည်ကားဆုံးပွဲတော်ကြီးဟာ ဟိုတုန်းကလို မဟုတ်တော့ပါဘူး…။
ကရင်ပြည်နယ်နေ့ပွဲတော်ဟာ ဘားအံမြို့ခံတွေ၊ ကရင်ပြည်နယ်သူ၊ပြည်နယ်သားတွေအပြင် အနယ်နယ်အ ရပ် ရပ်က ကရင်တိုင်းရင်းသားတွေ ခုံမင်နှစ်သက်ကြတဲ့ ပွဲတော်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင်ရှိနေခဲ့တာပါ။
“ပြည်နယ်ပွဲဆိုတာကတော့ ရိုးရာဓလေ့ထုံးတမ်းတွေ ချစ်မြတ်နိုးသူတွေအတွက် အထူးပွဲပဲပေါ့”လို့ ကရင်ပြည် နယ်နေ့ပွဲတော်ကို နှစ်တိုင်းသွားလေ့ရှိတဲ့ ဘားအံမြို့ခံတဦးကပြောပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာ (၇)ရက်ကစလို့ ကျင်းပလာခဲ့တာ ၁၉၅၀ကျော်ခုနှစ်တွေ ကတည်း ကပါ။ကရင်ပြည်နယ်ဒေသဖွဲ့စည်းပုံကို အတည်ပြုပြီးနောက် ကရင်ပြည်နယ်နေ့ကို နိုဝင်ဘာ(၇)ရက်မှာ ကျင်းပဖို့ ၁၉၅၅ခုနှစ်မှာ စတင် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲတော်မှာ ကရင်ရိုးရာ ဒုံးအက အလှပြိုင်ပွဲ တွေ၊ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေ၊ရိုးရာယဉ်ကျေးမှုပြခန်းတွေ၊ အစိုးရ ဌာနဆိုင်ရာ ပြခန်းတွေ၊ကရင်ရိုးရာ အစားအသောက်တွေနဲ့ တခြားဈေးဆိုင်မျိုးစုံလာရောက်ရောင်းချကြပြီး ငါး ရက်လောက် လူတိုး မပေါက်အောင် စည်ကားလေ့ရှိခဲ့တာပါ။
အဲ့ဒီလို စည်ကားခဲ့တဲ့ ပြည်နယ်နေ့ပွဲတော်ဟာ ဒေသခံတွေနဲ့ အနယ်နယ်အရပ်ရပ်က ကရင်တိုင်းရင်းသား အ များစုနဲ့ ဝေးကွာခဲ့တာ အခုဆိုရင် သုံးနှစ်တိုင်ခဲ့ပါပြီ။နိုင်ငံတော်သမ္မတနဲ့ ဇနီးတို့ တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ (၂၀၁၉)ခုနှစ် ပွဲတော်အပြီးကတည်းက ကရင်ပြည်နယ်နေ့ပွဲတော်ဟာ ကြက်ပျံမကျ စည်ကားတယ်ဆိုတဲ့ ဂုဏ် ပုဒ်ကို လက်လွှတ်ခဲ့ရပါတယ်။
ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုပြင်းထန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကပ်ရောဂါကြောင့် ၆၅နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို စည်စည်ကားကား ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။အဲ့ဒီလို ကျင်းပခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်ရ တယ်လို့ သမ္မတဦးဝင်းမြင့်က ပွဲတော်ကို ပေးပို့တဲ့ သဝဏ်လွှာမှာထည့်ပြောခဲ့ပါသေးတယ်။
အဲ့ဒီနောက် ၂၀၂၁ ခုနှစ်ကစလို့ ပုံမှန်အတိုင်းမဟုတ်တော့တဲ့ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေထဲမှာ ကရင်ပြည်နယ် နေ့ပွဲတော်လည်း ပါဝင်လာပါတော့တယ်။
ပြီးခဲ့တဲ့ နှစ်က ကရင်ပြည်နယ်နေ့ပွဲတော်နေ့ပွဲတော်ကျင်းပချိန်မှာလည်း ကိုဗစ်ဂယက်က ဆက်ရှိနေတာဖြစ်လို့ စစ်ကောင်စီက အကျဉ်းချုံးကျင်းပတဲ့အနေနဲ့ သုံးရက်သာ ကျင်းပခဲ့ပါတယ်။ဒီနှစ်ပွဲတော်ကိုတော့ စစ်ကောင်စီက စည်ကားဖို့ ရည်ရွယ်ပြင်ဆင်ခဲ့ပါတယ်။
ပွဲတော်ဖွင့်ပွဲနေ့မှာလည်း စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ မန်းငြိမ်းမောင်နဲ့စောဒန်နီရယ်တို့အပါအဝင် စစ် ကောင် စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြတာပါ။လက်ရှိစစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုတွေမှာ လည်းကရင်ပြည်နယ်နေ့ပွဲကို စည်စည်ကားကားကျင်းပနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
ဒါပေမယ့် ဘားအံမြို့ခံတွေနဲ့ အဲ့ဒီပွဲတော်ကို နှစ်စဉ် သွားနေသူတွေကတော့ စစ်ကောင်စီလက်ထက်ပွဲတော်ဟာ အရင်တုန်းကနဲ့ နှိုင်းယှဉ်လို့မရအောင် တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုလိုတာကြောင့် စစ်ကောင်စီကကျင်းပတဲ့ ပြည်နယ်နေ့ပွဲကိုလည်း ဒေသခံအများစုမသွားကြဘူးလို့ ဘားအံမြို့ခံတဦးက ပြောပါတယ်။
“ပြည်နယ်ပွဲမှမဟုတ်ပါဘူး၊ စကစက ကြီးမှူးကျင်းပတဲ့ ဘာပွဲမှကို မသွားဘဲ ဝေးဝေးရှောင်ပါတယ်ရှင့်၊ အသိအ မှတ်မပြုနိုင်ဘူးလေ သူတို့ရဲ့ ဦးဆောင်မှုကို၊ ပြီးတော့ လုံခြုံမှုလည်း မရှိဘူးလေ”လို့ သူကဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ဆန့်ကျင်တော်လှန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့စစ်ကောင်စီက နိုင်ငံတဝန်းမှာ အ စဉ်အဆက်လုပ်ခဲ့ကြတဲ့ပွဲတော်တွေအပါအဝင် ပုံမှန်မဟုတ်တဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ပါ လူထုကို အာရုံလွှဲစည်းရုံးဖို့ ကြိုးစားနေတာပါ။
ဒါပေမယ့် ပြည်သူအများစုကတော့ စစ်ကောင်စီလက်အောက်ကပျော်ပွဲရွှင်ပွဲတွေကို ရှောင်ရှားနေဆဲဖြစ်ပြီး တ နိုင်ငံလုံးပျော်ကြတဲ့ သင်္ကြန်လို နှစ်သစ်ကူးပွဲတော်ကိုပါ သပိတ်မှောက်ကြတာတွေရှိနေတာပါ။
ကရင်ပြည်နယ်နေ့ပွဲတော်ဟာလည်း အလားတူ အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အစဉ်အလာပွဲတော်တွေထဲက တ ခုဖြစ်ပါတယ်။
စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကြောင့် တိမ်းရှောင်နေရလို့ ပြည်နယ်နေ့ပွဲ မသွားနိုင်သလို မြို့ မှာရှိနေရင် လည်း သွားမှာမဟုတ်ဘူးလို့ ဘားအံ တက္ကသိုလ်က CDM ဆရာတဦးက ပြောပါတယ်။
“ဘားအံမှာရှိနေတဲ့ ဆရာ့မိသားစု လုံးဝမသွားပါ၊ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီယန္တရားကို အားမ ပေး ချင်လို့၊ မသွားရလို့ ဝမ်းမနည်းပါ၊ မသွားသင့်လို့မသွားတာ ဂုဏ်တောင်ယူသေး”လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်မှာ နှစ်ပေါင်းနှစ်ဆယ်လောက် ဆိုင်ခန်းဖွင့်လှစ်ဈေးရောင်းလာသူတဦးကလည်း အဲ့ဒီ ပွဲတော်မှာ ၂၀၁၉ခုနှစ်က နောက်ဆုံး ဈေးရောင်းခဲ့တာလို့ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့ စစ်ကောင်စီလက်အောက်က ကရင်ပြည်နယ်နေ့ပွဲတော်ဟာ အရင်တုန်းကနဲ့ တ ခြားစီကွဲပြားခြားနားသွားပြီလို့ အဲ့ဒီပွဲတော်ကို နှစ်တိုင်းသွားလေ့ရှိတဲ့ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
“အရင်တုန်းကဆို ဒုံးစင်ရှေ့လူတွေတိုးလိုက်တာ၊ခုံအလွတ်ဆိုတာဝေးလို့ စင်ဘေးပတ်ပတ်လည် ဟိုးနောက်က တောထမင်းသယ်တွေနားထိ မတ်တပ်ရပ်ကြည့်နေကြတာ၊လူတွေ မည်းမည်းလှုပ်ပဲ”လို့ သူကပြောပါတယ်။
လက်ရှိ ပြည်နယ်နေ့ ဒုံးဖျော်ဖြေပွဲကတော့ ဒုံးပြိုင်ပွဲဝင်ပြိုင်သူတွေ အချင်းချင်း ပြန်အားပေးနေရ တာမျိုး ဖြစ် နေတယ်လို့ အဲ့ဒီလူအမျိုးသမီးက ဆက်ပြောပါတယ်။
ပွဲတော်ကျင်းပရာ ကွင်းပြင်ထဲ မီးရောင်ထိန်ထိန်ညီးနေပေမယ့် အဲ့ဒီအဝန်းအဝိုင်းရဲ့ပြင်ပမှာတော့ ရှင်းလင်း တိတ် ဆိတ်နေတဲ့ အထီးကျန် လမ်းမတွေကိုသာ လူမှုကွန်ရက်က ဓာတ်ပုံတွေထဲတွေ့ရပါတယ်။သာမန် အားဖြင့် အ လှည့်ကျဖို့ တိုးဝှေ့စောင့်ဆိုင်းနေရတတ်တဲ့ ချားရဟတ်တွေ၊ပြခန်းတွေ၊ဆိုင်ခန်းတွေမှာလည်း လူမရှိ သ လောက်ပါ။
“မသိရင် ကစားကွင်းပျက်ကြီးကို မီးရောင်စုံနဲ့ အလှဆင်ထားသလိုလို”လို့ ကရင်ပြည်နယ်နေ့ပွဲတော်ကို နှစ်တိုင်း သွားနေကျဖြစ်တဲ့ လူငယ်အမျိုးသမီးက ဆိုပါတယ်။
ယုတ်စွအဆုံး ပြည်နယ်နေ့ပွဲတော်ဆိုတဲ့ မုခ်ဦးဆိုင်းဘုတ်ကြီးရှေ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့တောင် အရင်က အလှည့် ကျ စောင့်ခဲ့ရတာလို့ ပွဲတော်ကို နှစ်စဉ်သွားလေ့ရှိသူတွေကပြောပါတယ်။
ဒေသခံတွေက စစ်ကောင်စီကို အသိအမှတ်မပြုမိဖို့ ကရင်ပြည်နယ်နေ့ပွဲတော်ကို “နီးလျက်နဲ့ဝေး”နေခဲ့ကြသလို စစ်ကောင်စီကလည်း လုံခြုံရေး အင်အားအများအပြား၊အရင်ကနဲ့မတူတဲ့ လုံခြုံရေး အစီအမံတွေနဲ့ ကျင်းပခဲ့ တာ ဖြစ်ပါတယ်။
အဲ့ဒီလို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက နိုဝင်ဘာ (၆)ရက်ညပိုင်းမှာ ပြည်နယ်နေ့ပွဲတော် ကျင်းပရာ သီရိကွင်း အနီးမှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး သတင်းတချို့မှာတော့အသံဗုံးတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒေသခံအများစုက သပိတ်မှောက်ထားလို့ ကရင်ပြည်နယ်နေ့ပွဲတော်ဟာ အရင်ကလို မစည်ကားတော့ဘဲ အထီး ကျန်သွားပေမယ့် စစ်ကောင်စီကို လိုလားလို့ဖြစ်စေ၊တနှစ်မှာတခါသာကြုံရတဲ့ ပွဲတော်ကို လက်လွှတ်မခံ နိုင်လို့ ဖြစ်စေ သွားရောက်ဆင်နွှဲကြသူတချို့လည်း ရှိနေဆဲပါ။
အဲ့ဒီလို အကြောင်းပြချက်ကိုယ်စီနဲ့ စစ်ကောင်စီလက်အောက်က ပြည်နယ်နေ့ပွဲသွားသူတွေနဲ့ ပတ်သက်လို့ ပွဲမ သွားတဲ့ ဘားအံမြို့ခံက သူ့အမြင်ကို အခုလိုပြောပါတယ်။
“လူတွေက သူတို့ခံယူချက်နဲ့သူတို့ဆိုတော့ အပြစ်တော့မပြောချင်ပေမယ့် အရေးတယူခေါ်ပြောဆက်ဆံဖို့တော့ ဝန်လေးမိတာတော့ အမှန်ပဲ”လို့ သူကဆိုပါတယ်။