၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၊ စာရေးဆရာမောင်သာချိုနဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ ပြန်လွတ်မြောက်လာ

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးနဲ့ စာရေးဆရာမောင်သာချိုနဲ့ NLD ပါတီထဲက ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဒေါက်တာမျိုးညွှန့်နဲ့ ဦးကျော်ဟိုးတို့လည်းပြန်လွတ်မြောက်လာပါတယ်။

ပြန်လွတ်မြောက်လာလာချင်းမှာပဲ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးက မြန်မာပြည်သူတွေနဲ့ အတူတူရှိကြောင်းပြောဆိုခဲ့ပါတယ်။

NLD ပါတီထဲက ဗဟိုအလုပ်အမှုဆောင်တွေကတော့ ဒီကနေ့မနက်မှပဲ ပြန်လွတ်မယ်ဆိုတာကိုသိခဲ့တဲ့အကြောင်းပြောပါတယ်။

ဒီကနေ့ အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၆၀၀၀ နီးပါးလွတ်ငြိမ်းခွင့်ပေးမယ့် အကြောင်း စစ်ကောင်စီကထုတ်ပြန်ပြောထားပေမယ့် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်တာကိုလည်းတွေ့ရပါတယ်။

လက်ရှိ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာတော့ မိသားစုဝင်တွေဟာ မိုးထဲလေထဲ စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး ထောင်ထဲက ကားတွေတော့ ဆက်ထွက်လာဖို့ရှိနေတယ်လို့ မျှော်လင့်စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။