မဇ္ဈိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင်ပြန်လွတ်မြောက်ပြီး သတင်းသမားတချို့စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာပါလာနိုင်

စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်တဲ့ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာမဇ္ဈိမသတင်းဌာနက အယ်ဒီတာကိုသန်းထိုက်အောင်ပါဝင်လာပြီးသတင်းသမားတချို့လည်း လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မဇ္ဈိမသတင်းဌာနက အယ်ဒီတာကိုသန်းထိုက်အောင်ကိုတော့ပြီးခဲ့တဲ့ ၂၀၂၁ မတ်လကတည်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ NLD ပါတီ နာယက ဦးဝင်းထိန် ရုံးထုတ်ကို သတင်းယူနေချိန်စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ထားတာပါ။

လက်ရှိမှာ ကိုသန်းထိုက်အောင်ဟာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာပြီလို့မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်၊
ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့သတင်းထောက်တွေထဲက ဓါတ်ပုံသတင်းထောက် ကိုကောင်းဆတ်လင်းနဲ့ အမျိုးသမီး သတင်းထောက်တွေဖြစ်တဲ့ မသူဇာနဲ့ မငြိမ်းငြိမ်းအေးတို့လည်း စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်နိုင်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးထားတဲ့ သတင်းထောက်တွေထဲမှာသတင်း‌သမား ၆၀ ကျော်လောက်ကတော့ လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့သတင်းသမားတွေနဲ့ ပတ်သက်ပြီး အချက်အလက်စုဆောင်းတဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။