စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ဘက်ခြမ်းကရွာသုံးရွာကို စစ်ကောင်စီတပ်တွေ အခုလဆန်းပိုင်းက စစ်ကြောင်းထိုးချိန်မှာ နေအိမ်သုံးဆယ်ထက်မနည်း မီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှု တွေကိုလည်း ဖျက်ဆီးတာ၊ လုယက်ယူဆောင်တာတွေ လုပ်ခဲ့လို့ အိမ်ထောင်စုသုံးဆယ်ကျော် အကူအညီလိုအပ်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
“နေအိမ်တွေ မီးထဲပါသွားတဲ့သူတွေကတော့ ကိုယ့်ရဲ့ ယာခင်းထဲမှာပဲ ယာယီတဲလေးတွေထိုးပြီးနေတဲ့ သူက နေတယ်၊တချို့က မီးရှို့ခံရတဲ့အိမ်ဝန်းတွေထဲမှာ တဲသေးသေးလေးတွေ ပြန်လည်ဆောက်နေကြပါတယ်”လို့ မုံရွာ-သူက ပြောပါတယ်။
မုံရွာမြို့နယ် တောင်ဘက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီနဲ့ပျူစောထီးတွေက အခုလ (၃) ရက်ကနေ (၉) ရက်အထိ တပတ်ကြာ စစ်ကြောင်းထိုးခဲ့ရာမှာ နဂါးတွင်းကျေးရွာ၊ ဂျိုးစုကျေးရွာနဲ့ ထန်းလေးပင်ကျေးရွာတွေက နေအိမ်သုံးဆယ်နဲ့ လူနေတဲ အလုံး (၂၀) တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ရွာအတွင်းနေအိမ်တွေထဲက စားနပ်ရိက္ခာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း တောပုရွာက ပျူစောထီးတွေက ထော်လာဂျီနှစ်စီးနဲ့ တိုက်ယူသွားတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စုစုပေါင်း ကျပ်သိန်းခြောက်ထောင်ဝန်းကျင်လောက် ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။
“အကိုတို့နားက PDF ကလေးတွေ ရှိတာလေ၊ အဲ့တာသတင်းရလို့ သူတို့နားတဝိုက်ကွက်ပြီးရှို့တာအိမ်ကတော့အကုန်ပြောင်ပဲ၊ မီးလောင်လို့ကုန်တာထက် ခွေးတွေကထော်လာဂျီနဲ့ လာတိုက်သွားတာသူတို့လိုချင်တာတွေအကုန်ယူလို့ မကျန်တော့တာ”လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းထိုးမှုအတွင်း စစ်ကောင်စီက ဒေသခံသုံးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးကို သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။