ကမ္ဘာ့ဖလားအတွက် ပရိသတ် အတုတွေ ငွေပေးပြီး ခေါ်ထားတယ် ဆိုတာကို ကာတာငြင်းဆို

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပရိသတ် အတုတွေကို အခကြေးငွေပေးပြီး ခေါ်ယူ အသုံးပြုနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာတာနိုင်ငံရဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ 

အိန္ဒိယ နိုင်ငံသား တချို့က ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အင်္ဂလန် အသင်းကို စောင့်ကြို နှုတ်ဆက်နေတဲ့ ဗီဒီယိုတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့နောက် ကမ္ဘာ့ဖလားမှာ ပရိသတ် အတုတွေကို ငွေပေးပြီး ခေါ်ယူ အသုံးချနေကြောင်း ထင်ကြေးတွေ ပေါ်ထွက်လာပါတယ်။ 

ကာတာဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် အိမ်ရှင်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ဖလား စတင်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်ထိ ကာတာရဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းပိုင်း အားနည်းချက်တွေကို အကြောင်းပြုပြီး ပြိုင်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေဆဲပါ။ 

အိန္ဒိယ နိုင်ငံသားတွေကို အင်္ဂလန်အသင်း အားပေးသူတွေအဖြစ် အယောင်ဆောင်ခိုင်းပြီး ပြိုင်ပွဲကို လူစိတ်ဝင်စားမှု မြင့်တက်အောင် ကာတာက ကြံစည်နေကြောင်း စွပ်စွဲမှုတွေ ရှိနေပေမယ့် Guardian သတင်းဌာနကတော့ အဲဒီ အိန္ဒိယ နိုင်ငံသားတွေဟာ အင်္ဂလန် အသင်းနဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေရဲ့ ပရိသတ်တွေလို့ ဖော်ပြခဲ့ပါတယ်။ 

ကာတာရဲ့ ကမ္ဘာ့ဖလား ဖြစ်မြောက်ရေး ကော်မတီကတော့ ဘောလုံး အားကစားကို ကမ္ဘာ့နိုင်ငံ ပေါင်းစုံက ပရိသတ်တွေက ချစ်မြတ်နိုးကြကြောင်း၊ အခုအချိန်မှာတော့ ကာတာဆိုတာ ကမ္ဘာ့ဘောလုံး ပရိသတ် အားလုံးရဲ့ နေအိမ်လို ဖြစ်နေပြီး သူတို့ ကြိုက်နှစ်သက်ရာ အသင်းကို ကြိုဆိုအားပေးတာ၊ စီတန်းလှည့်လည်ပြတာတွေ ပုံမှန် အခြေအနေလို့ သတ်မှတ်နိုင်ကြောင်း ထုတ်ပြန်ပါတယ်။ 

ကာတာမှာ တွေ့နေရတာတွေက တကယ့် ဘောလုံး ပရိသတ် စစ်စစ်တွေ ဖြစ်ကြပြီး မဆီမဆိုင် စွပ်စွဲချက် မှန်သမျှကို ငြင်းပယ်ကြောင်းလည်း ကော်မတီက ပြောပါတယ်။ အိန္ဒိယ နိုင်ငံသား ဘောလုံး ပရိသတ် တစ်ယောက်ကလည်း သူဟာ ကီရာလာ ပြည်နယ်ကနေ ကမ္ဘာ့ဖလားကို လာအားပေးတာဖြစ်ပြီး ငွေကြေးနဲ့ ငှားရမ်းထားတဲ့ ပရိသတ်အတုဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်သွားပါတယ်။ 

အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်မှာ အိမ်ရှင် ကာတာနဲ့ တောင်အမေရိကတိုက်က အီကွေဒေါတို့ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။