သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့အပါအဝင် အကျဉ်းသား ၆၀၀၀ ကျော်ကိုဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်နေပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက် ၂၀၂၀ မှာ အဂတိမှုနဲ့ ထောင်ဒဏ်နှစ်၃၀ ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လည်း ပါဝင်လာတယ်လို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြနေကြပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတာနဲ့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားတဲ့အနုပညာရှင်တွေကို အမှုပိတ်သိမ်းမယ်ဆိုတဲ့အကြောင်း စစ်ကောင်စီက မနေ့ကတည်းက ကြေညာထားခဲ့တာပါ။
လက်ရှိမှာတော့ ပြန်လွှတ်ပေးထားတဲ့အထဲက နိုင်ငံခြားသား ၄ ဦးကိုတော့ ပြည်နှင်ဒဏ်ပေးမယ်လို့ စစ်ကောင်စီသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ကလည်း ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာဒီကနေ့မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေကြပါတယ်။
ပြီးခဲ့တဲ့ လတွေကတည်းက စစ်ကောင်စီက နိုင်ကျဉ်းတွေကို အကျဉ်းထောင်တွေပြောင်းရွေ့ထားတာကြောင့်တချို့ မိသားစုဝင်တွေကတော့ သတင်းသာနားစွင့်နေကြရတယ်လို့ဆိုပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသူပေါင်း ၁၃၀၀၀ ကျော်ရှိပြီး စစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၂၄၆၅ ယောက်ရှိပါတယ်။
ဖမ်းဆီးထားချိန်စစ်ကြောရေးမှာ သေဆုံးမှုတွေကလည်း ဆက်ရှိနေဆဲဖြစ်ပြီး လွတ်ငြိမ်းခွင့်ပေးပြီးမှ ပြန်လည်ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။