မက္ကသာ ခဲသတ္တုမိုင်း လေကြောင်းက ပစ်ခတ်ခံရပြီး တရုတ်နိုင်ငံသားတွေ သေဆုံးမှုရှိ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် မက္ကသာ အမှတ် (၆) ခဲသတ္တုမိုင်းဘက်ကို စစ်ကောင်စီက နိုဝင် ဘာ (၁၆) ရက် မနက်နှစ်နာရီဝန်းကျင် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ တရုတ်နိုင်ငံသားအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။

“တရုတ်တွေသေတယ်၊ အတိအကျတော့ မသိသေးဘူး၊ ထိတဲ့လူတွေလည်း တော်တော်များတယ်၊ တိုက်ပွဲ လည်းမဖြစ်ဘူး၊ ဒီအတိုင်းလေယာဉ်နဲ့ ကြဲသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့တရုတ်နိုင်ငံသားတွေဟာ ဒေသခံ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုချိန်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဘုရားသုံးဆူမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မက္ကသာ သတ္တုမိုင်းလုပ်ကွက်ဟာ စစ်ကောင်စီ ခွင့်ပြုချက်နဲ့ လုပ်နေတဲ့ လုပ်ကွက်တခုဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီပနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် မက္ကသာ ကျေးရွာဟာ KNLA တပ်မဟာ (၆) ဌာနချုပ်ရှိတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၆) ရက် မနက် ၂ နာရီကလည်း မက္ကသာကျေးရွာကို ဗုံးကြတိုက်ခိုက်ခဲ့ဖူးပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း မက္ကသာကျေးရွာ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်တွေလည်း ပျက်စီးခဲ့ရပြီး မက္ကသာကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။