ကျိုက်လတ်က ပျူစောထီးပစ်ခတ်ခံရမှု မြို့ခံသုံးဆယ်ကျော် အဖမ်းခံရပြီး နှစ်ဦးအမှုဖွင့်တရားစွဲခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ခေါလေး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီက မြို့ခံသုံးဆယ်ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက အသက်ခြောက်ဆယ်ကျော်အရွယ် ဆရာဝန်တဦးအပါအဝင် နှစ်ဦးကိုတော့ အမှုဖွင့်တရားစွဲတင်လိုက်တယ်လို့ သိရပါတယ်။

ကျိုက်လတ်မြို့က ပျူစောထီးခေါင်းဆောင်ဆိုသူ ခေါလေးဟာ အခုလ (၁၀) ရက်က သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ကျည်ကာအင်္ကျီဝတ်ထားတာကြောင့် သေဆုံးခြင်းတော့မရှိဘဲ လက်မောင်းနဲ့ပေါင်မှာတော့ သေနတ်ဒဏ်ရာတွေရခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်အတွက် စစ်ကောင်စီက အမျိုးသမီးတချို့အပါအဝင် မြို့ခံသုံးဆယ်ကျော်ကို ဖမ်းဆီးပြီးနောက် အသက်ခြောက်ဆယ်ကျော်အရွယ် ဒေါက်တာ စောထွန်းနိုင်နဲ့ ကိုအောင်မိုးတို့နှစ်ဦးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲလိုက်တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

“ဆရာကြီးတို့က ဘာမှ လုပ်ခဲ့တာမတွေ့ရပါဘူး၊ လူသတ်မဲ့သူလဲ မဟုတ်ပါဘူး၊ ပစ်သွားတဲ့ သေနတ်သမားတွေနဲ့ ပျူစောထီး ခေါလေးက နပန်းတောင်လုံးလိုက်ကြတာ၊ ဟိုက သေနတ်နဲ့ ထုတ်ပစ်ခဲ့လို့ ခေါလေးခံလိုက်ရတာ”လို့ ကျိုက်လတ်မြို့ခံတဦးကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားသူတွေထဲမှာ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေနဲ့ NLD ပါတီထောက်ခံ ဝန်းရံတဲ့ လုပ်ငန်းရှင်တချို့လည်းပါဝင်ပြီး ပြန်လွတ်လာ သူတွေဟာ ငွေကြေးပေးခဲ့ရတာတွေလည်းရှိတာကြောင့် စစ် ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ဖြစ်စဉ်ကို အကြောင်းပြပြီး ဒေသခံတွေကို ခြိမ်းခြောက်ငွေညှစ်ဖို့ အခုလို လူအများအပြားကို ရမ်းသန်းဖမ်းဆီးတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

“ခေါလေးကို ပစ်သွားတာ ကျိုက်လတ် သားမပါဘူး၊ အခု စစ်ကောင်စီတပ်ဖွဲ့က ဖမ်းတော့ ကျိုက်လတ်က လူသုံး ဆယ်ကျော်ပြီ၊ရှင်းတယ်လေ အချုပ်ဆိုတာ အလကားပြန် ထွက်လို့မရဘူး၊ ဒီကာလမှာ လွတ်အောင်လုပ်ပေးမဲ့ ပွဲ စားလူတန်းစားက သပ်သပ်ပေါ်လာတာ အားလုံးစိုးရိမ် စိတ်ညစ်နေရတဲ့အချိန်ပါ”လို့ ကျိုက်လတ် ဒေသခံတဦးက ပြောပါတယ်။