အဆိုတော်စောဖိုးခွားကို နာရီပိုင်းအတွင်း စစ်တပ်ကပြန်ဖမ်းသွား

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆိးသွားတဲ့ အဆိုတော် စောဖိုးခွားကို စစ်တပ်က ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာပြန်လွှတ်ပေးခဲ့ပြိး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

‘’အိမ်ရောက်ပြီးတနာရီအတွင်းမှာပဲ ပြန်လာဖမ်းသွားတာ။ လွတ်လာတယ်ကြားလို့ သွားတွေ့တော့သိခဲ့ရတာ’’လို့ အဆိုတော်စောဖိုးခွားရဲ့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

ငြိမ်းချမ်းရေးသီချင်းတေအများဆုံးသီဆိုတဲ့ ရက်ဂေးလ်အဆိုတော် စောဖိုးခွားကိုတော့စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ ၃၀(က) နဲ့ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ တနှစ်နဲ့ ကိုးလကြာအောင်နေခဲ့ရပြီး ဒီကနေ့ ပြန်လွတ်လာချိန်မှာ နေအိမ်မှာပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိရသေးတာကြောင့် DNA က အသေးစိတ်ဆက်လက်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီကဖမ်းဆီးသွားပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာသူတွေကိုအကြောင်းပြချက်တစုံတရာမရှိဘဲ ပြန်လည်ဖမ်းဆီးတာတွေလည်း စစ်အာဏာသိမ်းပြီးတဲ့နောက်မကြာခဏကြုံတွေ့ကြားသိနေရပါတယ်။