ရန်ကုန် အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု လုပ်ခဲ့သူတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၃၁) ရပ်ကွက်နေ ပြည်သူတချို့က DNA ကို ပြောပါတယ်။
“သူတို့နေခဲ့တဲ့အိမ်ကို ချိတ်ပိတ်မယ်လို့တော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဘက်က ကြားရတယ်၊အခု ပိတ်ထားပြီလား၊ မပိတ်သေးဘူးလားတော့ အတိအကျတော့မသိဘူး၊ သူတို့ကို လာဖမ်းသွားတာ နဲနဲတောင်ကြာနေပြီ” လို့ (၁၃၁) ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၁၉) ရက်ကဖြစ်ခဲ့တဲ့ အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကျူးလွန်သူ ဇနီးမောင်နှံနှစ်ဦးကို ပေါက်ကွဲမှုအပြီး ခြောက်ရက်အကြာ နိုဝင်ဘာ (၂၅) ရက်က ဒဂုံမြို့သစ်အရှေ့ပိုင်း၊(၁၃၁) ရပ်ကွက်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ အသက် (၂၅) အရွယ် ရွယ်တူဇနီးမောင်နှံထဲက ခင်ပွန်းဖြစ်သူဟာ CDM မီး ရထားဝန်ထမ်းတဦးဖြစ်ပြီး ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သလို ဇနီးဖြစ်သူကတော့ ပေါက်ကွဲမှုဖြစ်ချိန် ရုပ်သံမှတ်တမ်းရိုက်ကူးပြီး လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်သူနှစ်ဦးကိုလည်း ဆက်လက်ဖမ်းဆီးဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအပါအဝင် ထောင်ဝင်စာလာပို့တဲ့ အရပ်သားတွေ သေဆုံးထိခိုက်မှုရှိခဲ့တဲ့ အင်းစိန်ထောင်ပေါက်ကွဲမှုဟာ တော်လှန်ရေးအင်အားစုတွေကြားမှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ရန်ကုန်မြို့အတွင်း တော်လှန်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ Special Task Agency Of Burma (STA) အဖွဲ့ကအဲ့ဒီပေါက်ကွဲမှုကို သူတို့လုပ်ဆောင်တာဖြစ်တယ်လို့ တာဝန်ခံထုတ်ပြန်ထားပြီး အရပ်သား တွေ သေဆုံးထိခိုက်ခဲ့တာနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့အပိုင်း တာဝန်ယူမယ်လို့ အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိဖမ်း ဆီးထားတဲ့ ဇနီးမောင်နှံနှစ်ဦးလုံးဟာ STA အဖွဲ့ ဝင်တွေဖြစ်ပြီး ဇနီးဖြစ်သူဟာ STA အဖွဲ့ဝင် မဖြစ်မီက Z Fighter အဖွဲ့မှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူး တယ်လို့ဖော်ပြထားပါတယ်။
အဲ့ဒီအချက်တွေနဲ့ပတ်သက်လို့DNA ကသီးခြားအတည်မပြုနိုင်သေးသလို Z Fighter၊ STA စတဲ့ အဖွဲ့တွေကိုလည်းဆက်သွယ်လို့မရသေးပါဘူး။
စစ်ကောင်စီဟာ ဒီဇနီးမောင်နှံနှစ်ဦးကတဆင့် တခြားမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေကို ချိတ်ဆက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်နိုင်တော့လို့ အခုလို ဖမ်းဆီးပြီးလဝက်လောက်ကြာမှ သတင်းထုတ်ပြန်တာဖြစ်တယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေး ထောက်ပို့အဖွဲ့တခုက သုံးသပ်ပါတယ်။