လက်မရွံ့ မအလ

ဟိုးရှေးရှေးတုန်းကပေါ့။ အမဲလိုက်တောကစားဝါသနာထုံတဲ့ အရေးပိုင်းမင်းတစ်ပါးရှိခဲ့ပါတယ်။ သူဟာမကြာခဏ ဆိုသလို တောကစားထွက်သတဲ့။ တောကစားထွက်တဲ့အခါတိုင်းမှာလည်းသူ့လက်အောက်ငယ်သား အမှုတော် ထမ်း တပည့်တပန်းတွေခြံရံလိုက်ပါကြပါတယ်။သားကောင်ကိုတွေ့လို့ အမဲလိုက်ကြတဲ့အခါတိုင်းလည်း ပစ်လို့ရလာတဲ့ အမဲဟာ သူပစ်လို့ရတာပါလို့ အဲဒီအရေး ပိုင်မင်းကြီးက ဦးစွာဟစ်ကြွေးပြောဆိုကာ မဏ္ဍပ်တိုင်တက်လေ့ရှိသတဲ့။

“ဒါ…ငါပစ်တာ … ငါပစ်တာ”ဆိုတဲ့စကားကို တွင်တွင်ပြောလို့ပေါ့။တစ်ခါသားတော့ ထုံးစံအတိုင်း အမှုတော်ထမ်းတပည့်တပန်းတွေခြံရံလို့ တောထဲတစ်နေရာအရောက်သားကောင် တစ်ကောင်ကို ပစ်ခတ်ကြပါသတဲ့။ ဒီလိုပစ်ခတ်ပြီးချိန်မှာပဲ ခါတိုင်းဟစ်ကြွေးနေကျအတိုင်း“ဒါ…ငါပစ်တာ … ငါပစ်တာ”လို့ ကြွေးကြော်ကာ ထိမှန်သွားတဲ့ သားကောင်ဆီအပြေးသွားကြည့်သတဲ့။

အဲဒီသားကောင်အနားရောက်တဲ့အခါမှာတော့ ပစ်ခတ်လို့ထိမှန်သေဆုံးနေတာဟာသားကောင်ဟုတ်မနေဘဲ လူ သားတစ်ယောက်ကို ပစ်ခတ်မိလျက်သားဖြစ်တာကို တွေ့ကြရပါသတဲ့။ဒီအခါမှာတော့ အရေးပိုင်မင်းကြီးဟာ စကားတစ်ခွန်းကို အလျင်အမြန်ပြောဆိုလိုက်ပါသတဲ့။“ဒါ…ငါပစ်တာ မဟုတ်ဘူး။ သူပစ်တာ … သူပစ်တာ”ဟူသတဲ့။

အဲဒီလိုပြောလည်းပြော လက်ညှိုးကလည်း သူ့အနားဝန်းရံနေသူတွေထဲက တစ်ဦးအပေါ် အလျင်အမြန်ထိုးလိုက် ပါတယ်။ မကောင်းသူထိတ် ကောင်းသူထိတ်မူနဲ့ဆိုတော့ သူ့လက်ညှိုးရှေ့ရှိနေသူကကံဆိုးသူမောင်ရှင်ပေါ့။ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ အဲဒီအရေးပိုင်မင်းကြီးလိုပဲ လက်ညှိုးထိုးတတ်တဲ့လူပုဂ္ဂိုလ် တစ်ဦးထပ်မံပေါ်ထွန်းခဲ့ပြန်ပါတယ်။ သူကတော့ “မလိမ်ရဲတာဘာမှမရှိ”ဆိုတဲ့မူကိုဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်ကျော် မအလဆိုတဲ့ ဘုရင်ရူး၊ အာဏာရူးလက်သစ်ကြီးဖြစ်ပေတော့တာပေါ့။

သူဟာလည်း အရေးပိုင်မင်းကြီးရဲ့ထုံးကို နှလုံးမူလို့ ဖြစ်လာသမျှ ဆိုးပြစ်တွေကိုလက်ညှိုးလေးတစ်ထိုးထိုးနဲ့ လွှဲချ၊ လှည့်ချတော့တာပေါ့။သူ့လက်အောက်ငယ်သားတပည့်တပန်းတွေက ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အခါ“ဒါ…ငါပစ်တာ မဟုတ် … သူပစ်တာ” ဆိုပြီး PDF တွေကို လက်ညှိုးထိုးပါတယ်။သူ့လက်အောက်ငယ်သားတပည့်တပန်းတွေက အပြစ်မဲ့ပြည်သူကို လက်နက်မျိုးစုံနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့အခါမှာ လည်း “ဒါ…ငါပစ်တာ မဟုတ် … သူပစ်တာ”ဆိုပြီး PDF တွေကိုပဲလက်ညှိုးထိုးပြန်ပါတယ်။

သူ့လက်အောက်ငယ်သားတပည့်တပန်းလေယာဉ်မှူးတွေက ကလေးသူငယ်၊ သက်ကြီးရွယ်အိုမချန်လေပေါ် ကနေ လက်နက်ကြီးတွေနဲ့ပစ်၊ ဗုံးတွေကျဲချတဲ့အခါမှာလည်း “ဒါ…ငါပစ်တာ မဟုတ် …သူပစ်တာ”ဆိုပြီး ပေါ်တင် လိမ်၊ ပေါ်တင်ညာလို့ PDF ကို လက်ညှိုးတည့်တည့်ထိုးလာပြန်တာပေါ့။ယုတ်စွအဆုံး သူ့ရဲ့တပည့်တပန်းတွေ ကျင်လည်ကျက်စားနေတဲ့နေရာတွေမှာ ဓားထောက်အလုခံရရင်လည်း PDF၊ သူ့တပည့်တပန်းတွေ စခန်းချထားရာနောက်က ဘဏ်ကို ဓားပြတိုက်ခံရရင်လည်းPDF၊ ဘတ်စ်ကားပေါ် ခါးပိုက်နှိုက်ခံရရင်လည်း PDF နဲ့ လက်ညှိုးတွေ တွင်တွင်ထိုးလို့ပေါ့။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ ခလုတ်တိုက်ရင်လည်း PDF ၊ ခြင်ကိုက်ရင်လည်း PDF ၊ပုရွက်စိတ် ကိုက်ရင်လည်း PDF ၊ ဝမ်းချုပ်ရင်လည်း PDF ၊ အစာမကြေလည်း PDF ၊ သူ့ဖင်မှာဝဲပေါက်ပြန်ရင်လည်း PDF ကြောင့်ရယ်လို့ လက်ညှိုးလေးကို တတောက်တောက်ထိုးလို့ပေါ့။ဒါကြောင့်လည်း ‘မအလ’၊ ‘ကြင်စိုး’၊ ‘သောင်းလှိုင်သား’၊ ‘သားရေကြိုး တင်းအောင်ကိုင်’ဆိုတဲ့နာမတွေအပြင် နောက်ထပ် သူ့အတွက် အမည်နာမတစ်ခုထပ်တိုးလာတာပေါ့။သူကိုယ်တိုင်နဲ့ သူ့ရဲ့တပည့်တပန်းတွေ ပြုသမျှ PDF ကိုသာ လက်ညှိုးငေါက်ငေါက်ထိုးတတ်တာကြောင့်ပရိသတ် အယောက် ၁၀၀ က ပေးလိုက်တဲ့ သူ့ရဲ့နာမအသစ်က “လက်မရွံ့ မအလ”ပါတဲ့။

ကိုရင်နွေဦး