မာနေးရဲ့ဒဏ်ရာ သက်သာအောင် အာဖရိက နတ်ဆရာတွေရဲ့ အကူအညီပါယူမယ့် ဆီနီဂေါအသင်း 

ဆီနီဂေါ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ဆာဒီယို မာနေးရဲ့ဒဏ်ရာ သက်သာဖို့ အာဖရိကရိုးရာ နတ်ဆရာတွေရဲ့ အကူအညီကိုပါ ရယူဖို့ စီစဉ်နေပါတယ်။ 

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဆီနီဂေါ နိုင်ငံသူ ဖာတမာ ဆမူရာက ဒီသတင်းတွေ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရှိပြီဖြစ်ပြီး ဂျာမန် ချန်ပီယံကလပ် ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ တိုက်စစ်မှူးဟာ အရွတ်ဒဏ်ရာကြောင့် အနားယူနေရပြီး လက်ရှိ အချိန်ထိ ဒဏ်ရာ အကင်းမသေသေးပါဘူး။ 

ဒါပေမဲ့ တစ်ပတ်ကျော်လောက်သာ လိုတော့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ခေါ်ဆောင်သွားဖို့ ဆီနီဂေါ ဘောလုံးအဖွဲ့ချုပ်က အရဲစွန့် ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘိုင်ယန် အသင်းကတော့ အရမ်း စိတ်ပျက် ဒေါသထွက်နေတယ်လို့ ဆိုပါတယ်။ 

မာနေးဟာ အခုသီတင်းပတ် အစောပိုင်းက ဘိုင်ယန်နဲ့ ဝါဒါဘရီမင်တို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အရွတ် ထိခိုက်သွားခဲ့တာပါ။ သူဟာ တစ်လလောက် အနားယူဖို့ လိုအပ်လိမ့်မယ်လို့ ဘိုင်ယန်အသင်းက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဆီနီဂေါ ဘောလုံး အဖွဲ့ချုပ်ကတော့ မာနေးရဲ့ ဒဏ်ရာကို အမြန်ဆုံး သက်သာအောင် နည်းလမ်းပေါင်းစုံနဲ့ ကုသနေပြီး အာဖရိကရိုးရာ နတ်ဆရာတွေနဲ့ပါ ဆက်သွယ်နေတယ်လို့ ဆမူရာက ပြောပါတယ်။ 

ဒီနည်းလမ်းက တကယ်တမ်း ထိရောက်ပါ့မလား ဆိုတာတော့ သူလည်း မပြောတတ်ကြောင်း၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ မှန်သမျှကို မခြွင်းမချန် ကြိုးစားသွားဖို့ ဆီနီဂေါက အလိုရှိနေကြောင်း၊ မာနေးရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ လျှို့ဝှက်ဆန်းကျယ် ကိစ္စတွေ ကြုံလာဖို့ မျှော်လင့်မိကြောင်း သူက ဆိုပါတယ်။ ဆီနီဂေါ တိုက်စစ်မှူးဟောင်း ဒမ်ဘာဘားကတော့ ဆမူရာ ရည်ညွှန်းတဲ့ စကားလုံးဟာ အာဖရိက နတ်ဆရာတွေ ဆိုတာထက် မွတ်ဆလင် ဘာသာရေးဆရာတွေကို ဆိုလိုတာ ပိုပြီး ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

ဆီနီဂေါဟာ နိုဝင်ဘာ ၂၁ ရက်မှာ နာမည်ကြီး နယ်သာလန်နဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ လက်ရှိ အာဖရိက ချန်ပီယံ အသင်းဖြစ်တဲ့ ဆီနီဂေါဟာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ မျှော်လင့်ချက် မြင့်မြင့် ထားရှိနေတယ်လို့လည်း သိရပါတယ်။