အင်းစိန်အကျဥ်းဦးစီး ဝန်ထမ်းလိုင်းခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့၊အင်းစိန်မြို့နယ်က အကျဥ်းဦးစီးဌာန အိမ်ထောင်သည်လိုင်းခန်းနဲ့ နံ့သာကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို နိုဝင်ဘာ (၉) ရက်ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Defense Force & Supply Army(GZDF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

“အုပ်ချုပ်ရေးရုံးကတော့ စကစလက်အောက်ခံ အဖွဲ့အစည်းဖြစ်သလို ရခတွေ့ရှိတဲ့အတွက် တမင်တကာ တိုက်ခိုက်တာပါ၊ အိမ်ထောင်သည်လိုင်းခန်းကတော့ အသိပေး ဖောက်ခွဲတိုက်ခိုက်တာပါ”လို့ Generation Z Defense Force & Supply Army(GZDF) သူက ပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ဘေးကင်း ကင်းပြန်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုတွေ ကြောင့်ထိ ခိုက်ပျက်ဆီးမှုတွေရှိပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

အင်းစိန်မြို့နယ် ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတဦးကတော့ ပေါက်ကွဲမှုတွေ ရှိခဲ့တာမှန်ပေမယ့် လူထိခိုက်တာ မရှိဘူးလို့ DNA ကိုပြောပါတယ်။

ပေါက်ကွဲမှုတွေအပြီးမှာစစ်ကောင်စီရဲ့လုံခြုံရေးလှည့်ကင်းကားတွေရောက်လာပြီး ပေါက်ကွဲမှုအခြေ အနေနဲ့ မ ပေါက်ကွဲသေးတဲ့ဗုံး ရှိ၊မရှိ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။

Generation Z Defense Force & Supply Army (GZDF)အဖွဲ့ဟာ လက်ရှိ နိုဝင်ဘာလအတွင်း အခု တိုက်ခိုက်မှုနှစ်ကြိမ်အပါအဝင် ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုတိုက်ခိုက်မှုလေးကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။