အမေရိကန်က မြို့ငယ်လေးတစ်ခုရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ နှစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေး အနိုင်ရ

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ လူငယ်လေး တစ်ဦးဟာ အမေရိကန်က မြို့ငယ်လေး တစ်ခုရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ 

Generation Z တစ်ဦး အသက်အရွယ် အပိုင်းအခြားမှာသာ ရှိနေသေးတဲ့ တိုင်ရင် ထရူအွန်ဟာ လူဝီစီးယားနား ပြည်နယ်က မြို့ငယ်လေး ဘိုဂါလူဆာရဲ့ မြို့တော်ဝန်အသစ် ဖြစ်လာတော့မှာပါ။ သူဟာ အခုသီတင်းပတ် ကြားကာလ ရွေးကောက်ပွဲ ရလဒ်တွေအရ သက်တမ်း ၂ ကြိမ်ဆက် အနိုင်ရဖူးတဲ့ လက်ရှိ မြို့တော်ဝန် အပါအဝင် ပြိုင်ဘက် နှစ်ဦးကို အနိုင်ယူ ကျော်လွှားနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် သူဟာ ဘိုဂါလူဆာ မြို့ရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး မြို့တော်ဝန် ဖြစ်လာတော့မှာပါ။ သူ့ကို ရှုံးနိမ့်သွားမယ်လို့ ခန့်မှန်းသူတွေ အများကြီး ရှိနေသလို၊ သူ့ကိုယ်သူ အနိုင်ရမယ်လို့လည်း မျှော်လင့်ထားခဲ့ကြောင်း၊ ဒါကြောင့် သူဟာ မိန့်ခွန်းတောင် နှစ်စောင် ကြိုပြင်ဆင် ရေးသားထားကြောင်း ထရူအွန်က ပြောပါတယ်။ 

ထရူအွန်က သူ့ရဲ့ အသက် ငယ်ရွယ်မှုကြောင့် သူ့ရဲ့ လုပ်ရည်ကိုင်ရည်အပေါ် သက်ရောက်ထိခိုက်မှု မရှိစေရဘူးလို့လည်း အာမခံခဲ့ပါတယ်။ အတွေးအမြင် မတူညီသူတွေနဲ့ အလုပ်တွဲလုပ်တဲ့ အတွေ့အကြုံတွေ သူ့မှာ ရှိခဲ့ကြောင်း၊ နေရာတိုင်းမှာ အမြင်တွေ ကွဲပြားတတ်တာ မဆန်းဘဲ အဲဒီလို ကွဲပြားမှုကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကသာ အရေးကြီးကြောင်းလည်း ထရူအွန်က ဆိုပါတယ်။ 

ဘိုဂါလူဆာ မြို့ထဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၆၆၅၈ ဦး ရှိတဲ့ထဲက ၃၁၁၁ ဦး မဲရုံတွေဆီ လာရောက်ခဲ့ကြပါတယ်။ ထရူအွန်က ထောက်ခံမဲ ၅၆ ရာခိုင်နှုန်း ရရှိပြီး အနိုင်ရခဲ့တာပါ။ သူ့ကို အရေးနိမ့်သွားတဲ့ မြို့တော်ဝန် သက်တမ်း ၈ နှစ် တာဝန်ယူဖူးသူ ဝမ်ဒီ ပါရက်တာက ရလဒ်ကို စိတ်ပျက်မိပေမယ့် ဘုရားသခင်က သူ့အတွက် သီးခြား အစီအစဉ် တစ်ခုရှိတယ်လို့ပဲ လက်ခံပြီး စိတ်အေးအေး ထားရှိကြောင်း ပြောပါတယ်။ 

ပါရက်တာက ထရူအွန်ဟာ အရည်အချင်းရှိသူ တစ်ဦးလို့ အသိအမှတ် ပြုခဲ့ပြီး လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းမှုတွေ ချောချောမွေ့မွေ့ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုသွားပါတယ်။