ဒုတိယ သက်တမ်းအတွက် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ် ရှိနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ လာမယ့် နှစ်ဆန်းပိုင်းလောက်မှ အတည်ပြု ချမှတ်သွားမယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။ ဒီမိုကရက်ပါတီ ကိုယ်စားပြု သမ္မတဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတ တစ်ဦးဟာ ရွေးကောက်ပွဲ အနိုင်ရရင် ၄ နှစ်သက်တမ်း နှစ်ကြိမ်ဆက် တာဝန် ထမ်းဆောင်ခွင့် ရှိပေမယ့် ဘိုင်ဒန်ရဲ့ အသက်အရွယ်ကြောင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဘိုင်ဒန်ဟာ အသက် ၇၉ နှစ် ရှိနေပြီ ဖြစ်သလို အမေရိကန် နိုင်ငံသမိုင်းမှာ ရွေးကောက်ပွဲ အနိုင်ရတဲ့ အသက်အကြီးဆုံး သမ္မတ အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ဖူးပါတယ်။
အခု သီတင်းပတ်အတွင်း အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲ အပြီးမှာတော့ ဘိုင်ဒန်က သူ့ရဲ့ အနာဂတ် အစီအမံတွေနဲ့ ပတ်သက်လို့ အရိပ်အမြွက် ဖော်ထုတ်လာခဲ့ပါတယ်။ အခုလထဲမှာ အသက် ၈၀ ပြည့်မယ့် ဘိုင်ဒန်က သူဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ရည်မှန်းထားကြောင်း၊ ဒါဟာ မိသားစု တစ်ခုလုံးရဲ့ ကနဦး ဆုံးဖြတ်ချက်လည်းဖြစ်ကြောင်း ဇနီးသည် ဂျီလ်ဘိုင်ဒန်နဲ့အတူ ယှဉ်တွဲထိုင်နေရင်း ပြောကြားခဲ့ပါတယ်။
ဘိုင်ဒန်က သူ့မိသားစုဟာ သူ့ကို နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်စေချင်ပေမယ့် သူကိုယ်တိုင်ကတော့ အလျင်စလို ဆုံးဖြတ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ သဘောထား မှတ်ချက်ဟာ ပြိုင်ဘက်ဟောင်း ထရမ့်ရဲ့ စကားတွေနဲ့လည်း ဆက်စပ်မှု မရှိဘူးလို့ ဘိုင်ဒန်က ပြောပါတယ်။ ထရမ့်ကလည်း သူဟာ ဒုတိယ သက်တမ်းအတွက် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိနေကြောင်း အရိပ်အမြွက် ဝန်ခံထားပါတယ်။
ဘိုင်ဒန်ကတော့ သူနဲ့ ဒီမိုကရက်ပါတီ အင်အားစုတွေက ထရမ့်ကို နောက်တစ်ကြိမ် သမ္မတ ဖြစ်မလာတာ သေချာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ လာမယ့် ၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ထရမ့်နဲ့ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ သုံးသပ်ထားပါတယ်။ ဘိုင်ဒန်က သူဟာ ထရမ့်နဲ့ ဒီဆန်းတစ်တို့ အချင်းချင်း ပြိုင်ဆိုင်နေတာကို ပျော်ပျော်ကြီး စောင့်ကြည့်နေမယ်လို့လည်း ပြောကြားသွားပါတယ်။