ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ပေးခဲ့တာ မှားတယ်လို့ ဖီဖာဥက္ကဋ္ဌဟောင်းပြော 

ကာတာနိုင်ငံကို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ပြောကြားခဲ့ပါတယ်။ 

အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့ ဘလတ္တာဟာ ဖီဖာရဲ့ အကြီးအကဲအဖြစ် ရှိနေချိန် ၂၀၁၀ ပြည့်နှစ်က ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအဖြစ် ကာတာကို အသိအမှတ်ပြု ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ ပင်လယ်ကွေ့ ဒေသတွင်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ လိင်တူ စုံမက်မှုအပေါ် ရန်လိုမှု မှတ်တမ်းတွေကြောင့် အပြင်းအထန် ဝေဖန်မှုတွေ ကြုံနေရပါတယ်။ 

လူ့အခွင့်အရေးနဲ့ လိင်တူအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း တချို့က ကာတာမှာ မကြာခင် ကျင်းပတော့မယ့် ကမ္ဘာ့ဖလားကို သပိတ်မှောက် ဆန္ဒပြဖို့ တောင်းဆိုတာတွေတောင် ရှိနေပါတယ်။ ဘလတ္တာက ဆွစ်ဇာလန် သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ သူဟာ ဖီဖာဥက္ကဋ္ဌ အနေနဲ့ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံရဲ့ အနေအထားတွေကို ပိုပြီး စေ့စေ့စပ်စပ် စစ်ဆေးခဲ့သင့်တယ်လို့ ဆိုပါတယ်။ 

ပြီးတော့ ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးကို လက်ခံ ကျင်းပနိုင်ဖို့အတွက် အရွယ်အစား သေးလွန်းတယ်လို့လည်း ဘလတ္တာက မှတ်ချက် ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးရဲ့ ၉၂ နှစ်တာ သမိုင်းကြောင်းအတွင်း အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ပုံမှန်ဆိုရင် ကမ္ဘာ့ဖလားကို နွေရာသီမှာ ပြုလုပ်လေ့ ရှိပေမယ့်လည်း ဒီနှစ်မှာတော့ မြောက်ကမ္ဘာခြမ်းရဲ့ ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ နိုဝင်ဘာ ၂၀ မှာ စတင်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ပြီးဆုံးပါမယ်။ 

၂၀၁၀ ပြည့်နှစ်တုန်းက ဖီဖာရဲ့ အမှုဆောင် ကော်မတီဟာ အမေရိကန်အစား ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ပေးဖို့ ၁၄ မဲ၊ ၈ မဲနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနှစ်မှာပဲ ရုရှားကို ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလား အိမ်ရှင်နေရာအတွက် အတည်ပြု ရွေးချယ်ခဲ့ကြပါတယ်။ 

ဘလတ္တာကတော့ သူဟာ အမေရိကန်ကို အိမ်ရှင်ဖြစ်စေဖို့ မဲပေးခဲ့ပေမယ့် အဲဒီတုန်းက ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) အကြီးအကဲဖြစ်သူ မစ်ချယ် ပလာတီနီက ကာတာဖက်က အဓိက မဲဆွယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကာတာဟာ သူ့ရဲ့ ရွေးချယ်မှု မဟုတ်ခဲ့ပေမယ့် အဲဒီတုန်းက သူဟာ ဖီဖာ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ဒီရွေးချယ်မှုနဲ့ ပတ်သက်လို့ သူလည်း တာဝန်ခံရမှာဖြစ်ကြောင်း ဘလတ္တာက ပြောကြားသွားပါတယ်။ 

ဘလတ္တာဟာ ဖီဖာ ဥက္ကဋ္ဌအဖြစ် ၁၇ နှစ်ကြာ တာဝန်ယူခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ပလာတီနီဆီ ဒေါ်လာ ၂ သန်းကျော်လောက် ငွေကြေးကို တရားမဝင် လွှဲပြောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ ဘလတ္တာနည်းတူ ပလာတီနီလည်း ရာထူးကနေ ထွက်ခွာခဲ့ရပါတယ်။ 

သူတို့နှစ်ဦးဟာ အစောပိုင်းက ငွေကြေး လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခံရပေမယ့် ဇူလိုင်လမှာတော့ ဆွစ်ဇာလန် တရားရုံးက စွဲချက်နဲ့ ပတ်သက်လို့ နှစ်ဦးစလုံးမှာ အပြစ်မရှိကြောင်း ဆုံးဖြတ် ကြေညာခဲ့ပါတယ်။