ဆေးပညာ သမိုင်းကြောင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဓာတ်ခွဲခန်းမှာ ဖန်တီး ပြုလုပ်ထားတဲ့ သွေးတွေကို လူသားတွေမှာ စတင် စမ်းသပ် အသုံးပြုနေကြောင်း သိရပါတယ်။
ဗြိတိန် သုတေသီတွေက ဆန္ဒအလျောက် ပါဝင် အစမ်းသပ်ခံသူတွေရဲ့ ခန္ဓာကိုယ် သွေးကြောတွေထဲကို လက်ဖက်ရည် တစ်ဇွန်းစာလောက် သွေးပမာဏ အနည်းငယ်စီ ဖြည့်သွင်းပေးပြီး ဘယ်လို တုံ့ပြန်မှုတွေ ရှိမလဲ ဆိုတာကို လေ့လာနေကြပါတယ်။
တကယ်လို့ ဒီလေ့လာ စမ်းသပ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် အစဉ်တစိုက် သွေးသွင်းဖို့ လိုအပ်နေတဲ့ လူနာမျိုးတွေအတွက် ကြီးမားတဲ့ ကောင်းကျိုး ခံစား ရရှိလာမှာ ဖြစ်ပါတယ်။ နောက်ပြီး အရမ်းရှားပါးတဲ့ သွေးအုပ်စု အမျိုးအစားတွေကို ပိုင်ဆိုင်သူတွေအတွက် အရေးပေါ် သွေးလိုအပ်ချက်ကိုလည်း ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။
သုတေသီတွေရဲ့ ရည်မှန်းချက်ကတော့ လူသိများတဲ့ Aသွေး၊ Bသွေး၊ ABသွေးနဲ့ Oသွေးတွေအပြင် အရမ်းရှားပါးတဲ့ သီးခြား သွေးအုပ်စုတွေ အတွက်ပါ ကိုက်ညီမယ့် သွေးမျိုးတွေကို ဓာတ်ခွဲခန်းမှာ ဖန်တီး တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ တချို့ သွေးပိုင်ရှင်တွေဟာ သွေးအမျိုးအစားတူ ရှာရတာ ခက်လွန်းကြောင်း၊ တစ်နိုင်ငံလုံးမှာ လူ ၁၀ ယောက်လောက်ပဲ အဲဒီ အမျိုးအစားတူသွေးကို လှူဒါန်းနိုင်စွမ်း ရှိတာမျိုး ကြုံဖူးကြောင်း ဘရစ္စတို တက္ကသိုလ်က ပရော်ဖက်ဆာ အက်ရှ်လေ တိုယီက ပြောပါတယ်။
ဥပမာ အနေနဲ့ အိန္ဒိယမှာ စတင်တွေ့ရှိပြီး Bombay သွေးအုပ်စုလို့ နာမည်ပေးထားတဲ့ အမျိုးအစား ရှိသူတွေဆိုရင် ဗြိတိန် တစ်နိုင်ငံလုံးမှာ ၃ ဦးသာ ရှာတွေ့ထားပါတယ်။
ဘရစ္စတို၊ ကင်းဘရစ်ဂျ်နဲ့ လန်ဒန် တက္ကသိုလ်က ပညာရှင်တွေရယ်၊ ဗြိတိန် ကျန်းမာရေး ဝန်ကြီးဌာနနဲ့ သွေးဘဏ်က တာဝန်ရှိသူတွေရယ် ပူးပေါင်းပြီး ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ သွေးတွေကို လက်တွေ့ စမ်းသပ် အသုံးပြုတဲ့ ပရောဂျက်မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်ခွဲခန်းမှာ ပြုလုပ်တဲ့ သွေးတွေဟာ တကယ့် သွေးအစစ်လိုပဲ အဆုတ်က ရှူသွင်းထားတဲ့ အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက် ပို့ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။
ပညာရှင်တွေက တကယ့် သွေးအစစ် အနည်းငယ်ထဲကမှ သွေးနီဥတွေ ပွားများအောင် လှုံ့ဆော်ပေးနိုင်တဲ့ ပင်မဆဲလ် (Stem cell) အမျိုးအစားတွေကို စစ်ထုတ်ယူပါတယ်။ အဲဒီ Stem cellတွေကို ဓာတ်ခွဲခန်းထဲမှာ ပိုမိုပွားများလာအောင် လှုံ့ဆော်ပေးပြီး တကယ့် သွေးနီဥဆဲလ်တွေအဖြစ် ပြောင်းလဲသွားအောင် ထောက်ပံ့ပေးပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကြည့်ရင် အဲဒီ သွေးတွေကို ‘သွေးအတု’လို့ ခေါ်ဖို့ခက်ပြီး တကယ့် သွေးအစစ်ကို သိပ္ပံနည်းပညာနဲ့ ပွားလိုက်တာမျိုးလို့ ယူဆနိုင်ပါတယ်။
ဒီလိုမျိုး ဓာတ်ခွဲခန်းထဲမှာ သွေးတွေ ပြုလုပ်ဖို့ ပျမ်းမျှ အချိန် ၃ ပတ်လောက် ကြာမြင့်ပါတယ်။ သွေးထဲကနေ ထုတ်ယူထားတဲ့ Stem cell အရေအတွက် ၅ သိန်းဝန်းကျင်ကနေ သွေးနီဥဆဲလ် ၅၀ ဘီလီယံလောက်ထိ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ အရည်အသွေး အကောင်းမွန်ဆုံး ၁၅ ဘီလီယံလောက်ကို စစ်ထုတ်ပြီး သွေးသွင်းကုသဖို့ သင့်တော်တဲ့ အခြေအနေအဖြစ် သတ်မှတ်တာပါ။
လောလောဆယ်မှာ ဆန္ဒအလျောက် သွေးသွင်းမှု ခံယူထားသူ ၂ ဦးကို စောင့်ကြည့်နေပြီး အခြေအနေ တိုးတက်ရင် လက်တွေ့ စမ်းသပ်မှု အတိုင်းအတာကို ၁၀ ဦးထိ မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်တဲ့ သွေးတွေမှာ ဆေးဘက်ဆိုင်ရာသုံး ရေဒီယို သတ္တိကြွဓာတ် နည်းနည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ထဲရောက်ပြီး ဘယ်လောက် အကြာမှာ ပျက်ပြယ်နိုင်သလဲ ဆိုတာကိုပါ ပညာရှင်တွေက စောင့်ကြည့်နေကြပါတယ်။
ပုံမှန် အခြေအနေအရ သွေးနီဥ ဆဲလ်တွေရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၂၀ လောက် ကြာမြင့်ပြီး အသစ်ပြန်လည် အစားထိုးသွားပါတယ်။ အခုလို ဓာတ်ခွဲခန်းမှာ သွေးတွေ ထုတ်လုပ်တဲ့ စမ်းသပ်မှုဟာ တိုးတက်မှုတွေ တွေ့မြင်နေရပေမယ့် ဘဏ္ဍာရေးနဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေတော့ ရှိနေဆဲလို့လည်း သိရပါတယ်။