တန်ဇန်းနီးယားမှာ ခရီးသည်တင်လေယာဉ် ရေကန်ထဲပျက်ကျပြီး နှစ်ဆယ်နီးပါးသေဆုံး 

တန်ဇန်းနီးယား နိုင်ငံမှာ ခရီးသည်တင် လေယာဉ်ငယ်တစ်စီး ရေကန်ထဲ ပျက်ကျခဲ့ရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၆ ရက်က လေယာဉ်ဟာ ဗစ်တိုးရီးယား ရေကန်ကြီးဘေးမှာ ရှိနေတဲ့ ဘူကိုဘာမြို့ လေဆိပ်ကို ဆင်းသက်ဖို့ ကြိုးစားရင်း အမှားအယွင်း ကြုံသွားခဲ့တာပါ။ လေယာဉ်ကို ပိုင်ဆိုင်တဲ့ Precision Air လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူ ၄၃ ဦးထဲမှာ ၂၄ ဦး အသက်ရှင်ခဲ့တယ်လို့ ကြေညာပါတယ်။ 

အစောပိုင်း သတင်းတွေက လေယာဉ်မှူးနှစ်ဦး အသက်ရှင်ခဲ့တယ်လို့ ဖော်ပြပေမယ့် အမှန်တကယ်မှာတော့ ပွဲချင်းပြီး သေဆုံးခဲ့ဟန် ရှိတယ်လို့ ဝန်ကြီးချုပ် ကက်ဆင် မာဂျာလီဝါက ပြောပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ရေကန်ကြီးထဲမှာ နစ်မြုပ်စ ပြုနေတဲ့ လေယာဉ် ကိုယ်ထည်ထဲမှာ ပိတ်မိနေသူတွေကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ 

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ATR-42 အမျိုးအစား လေယာဉ် ကိုယ်ထည်ကိုလည်း ကမ်းခြေနဲ့ ပိုနီးကပ်အောင် ဆွဲယူခဲ့ကြပါတယ်။ လေယာဉ်ဟာ ပျက်ကျပြီးပြီးချင်းမှာ ရေအောက်ကို စုန်းစုန်းမြုပ်လုနီးပါးထိ ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ 

ဝန်ကြီးချုပ် မာဂျာလီဝါက ဆေးရုံမှာ ရောက်နေတဲ့ ခရီးသည်တွေရဲ့ ဒဏ်ရာ အခြေအနေက မစိုးရိမ်ရကြောင်း၊ ဒါပေမဲ့ အားလုံးလိုလို ရှော့ခ်ရနေကြကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ မြို့ထဲက လေဆိပ်ကိုတော့ ယာယီ ပိတ်ထားလိုက်ပါတယ်။ 

လေယာဉ် ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ဖို့လည်း ကြိုးစားနေကြောင်း ထုတ်ပြန်ထားပါတယ်။ Precision Airဟာ တန်ဇန်းနီးယားရဲ့ အကြီးမားဆုံး ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ဖြစ်ပြီး Kenya Airwaysရဲ့ တစိတ်တပိုင်း ပိုင်ဆိုင်မှုအောက်မှာ ရှိနေကြောင်း သိရပါတယ်။