ထောင်ထဲက စာ (Salmon)

Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၀) မှာ ဖေါ်ပြထားတဲ့ Salmon ရဲ့ “ထောင်ထဲက စာ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ထောင်ထဲက စာ

ခင်ဗျားတို့ဆီ ထောင်တစ်ခုခုကနေလာတဲ့စာ ရဖူးလား
ဒါဆို ခင်ဗျားဟာ ခင်ဗျားရဲဘော်တွေ မိသားစုတွေဆီက
မျှော်လင့်ချက်တွေကို ထမ်းပိုးလိုက်ရတာပဲ
​ထောင်ကနေ စာတစ်စောင်ရောက်တိုင်း
ပုခုံးပေါ်တာဝန်တစ်ခု ရောက်သလိုပါပဲ
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် အထင်ကြီးမိတယ်
တာဝန်တွေများလို့လားဆိုတော့ မဟုတ်ပြန်ဘူး
တာဝန်တစ်ခုတည်းပဲ. . .
ပို့တဲ့သူတိုင်း တစ်လေသံတည်း
တစ်ပြိုင်တည်း ပေးအပ်တာခံရတာ
ဘယ်သူ့ဆီက စာပဲဖတ်ဖတ်
အဲဒီတစ်ကြောင်းကတော့ပါစမြဲပဲ
“မင်းတို့နိုင်မှ ငါတို့လွတ်မှာ…”
တစ်ကြောင်းတည်းပဲ
ဒါပေမဲ့ တာဝန်တွေအပြည့်နဲ့။
အိမ်အပြန်မွေးရပ်မြေကို မြတ်နိုးတွယ်တာတဲ့
ဆယ်လ်မွန်ငါးလေးတွေလို
အာဏာရှင်စနစ်ဆိုတဲ့ ရေတံခွန်ကို ဘယ်လိုကျော်ရမလဲ
စစ်ကောင်စီဆိုတဲ့ ဝက်ဝံတွေကို ဘယ်လိုတိုက်ထုတ်ပြီး
အောင်မြင်စွာ အိမ်ပြန်ရမှာပါလိမ့်
“ငါတို့နိုင်မှာ မဟုတ်လား၊ နိုင်ဖို့နီးနေပြီ မဟုတ်လား”
ဦးနှောက်တွေက စအလုပ်လုပ်ပြီ
False Hope တွေလည်း မပေးလိုဘူး
တော်လှန်ရေး ရှည်ကြာဦးမယ့်အကြောင်းလည်း
ပြောမထွက်ပြန်ဘူး
“နိုင်ဖို့အဘက်ဘက်က အားသာနေပါပြီ
မင်းတို့လည်း တောင့်ခံပေးထားကြပါ
ငါတို့လည်း ကြိုးစားနေပါတယ်…”
အင်း … ဒီလောက်ဆို အဆင်ပြေလောက်ရဲ့
ရင်ထဲတော့ ငါရေးမိတာ သေချာပါ့မလား
ထောင်ထဲရောက်နေတဲ့ အမေ့ဆီက စာကလည်း
“အမေတို့ ဘယ်တော့လောက် လွတ်မှာလဲ” တဲ့
ဘုရားရေ
တော်လှန်ရေးစလုပ်ကတည်းက ဘုရားမတတော့တဲ့ ကျွန်တော်
ဒီအချိန်မှာတော့ဘုရားတမိလေရဲ့
ဘုရား တပည့်တော်အမေ ကျန်းမာပါစေ
ထောင်ထဲမှာ တောင့်ခံနိုင်ပါစေ။
ကျွန်တော်က စောက်တလွဲကောင်
ဘုရားတရုံကလွဲပြီး ဘာလုပ်နိုင်မှာမို့လဲ
မိသားစုကိုတောင် မကယ်တင်နိုင်ဘဲ
နိုင်ငံကို ကယ်တင်ချင်သတဲ့
ဘယ်လောက်ရယ်ရတဲ့ဟာသလဲ။
စောက်ရူးကောင်လို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲ
ဘယ်လိုစာပြန်ရမလဲ ချွေးစေးတွေကိုထွက်လို့
ပို့ပေးတဲ့သူက လူချင်းတွေ့တယ်ပြောတော့
အမှာစကားက လုပ်စရာရှိတာဆက်လုပ်ပါ
ဂရုစိုက်ပါဆိုပြီး ပြုံးပြုံးလေးမှာလိုက်သတဲ့…
ကြည့်စမ်း … ငါ့ရဲ့ချစ်လှစွာသော အာဂမေမေ
အရမ်းကြောက်တတ်တဲ့ သူမကိုယ်တိုင်
ထောင်ထဲရောက်သွားတာတောင် ပြုံးပြုံးလေးပါပဲတဲ့
ဒီသမီးကတော့ မျက်ရည်ပြိုပေါ့…
မိသားစုကိုဒုက္ခပေးတဲ့သူ မဟုတ်လား
အမျိုးတွေကတော့ သတ်မှတ်ကြတာပဲ
ဒုက္ခပေးတဲ့ကောင်ဆိုပြီး…
အင်း … အကြောက်တရားတွေနဲ့
ဘယ်လောက်ကြီးပြင်းလာကြသလဲ မပြောတတ်ဘူး…
အသက်တွေသာကြီးတာ နိုင်ငံရေးအကြောင်းပြောရင်
သူတို့ခမျာ ကြောက်ကြတုန်းပဲ
အကြောက်တရားတွေကြားထဲက
ရုန်းထလာတဲ့ကျွန်တော့်ကိုတော့
ဒီအကြောက်တရားတွေက ကျွန်တော့်ကိုထိန်းမထားနိုင်ခဲ့ပါဘူး။
မေမေ့သမီးဟာ သတ္တိခဲ
ဆေးစက်ချရာ အရုပ်ထင်မယ့် သမီး
လောကဓံတရားတွေက သမီးလျှောက်မယ့်လမ်းကို
မပိတ်ပင်နိုင်ပါဘူး
မေမေ့သွေးအပြည့်ပါတာမို့…
ဒီလောကဓံတွေထက်ကြီးတဲ့အရာလည်း
ရင်ဆိုင်ဖို့သတ္တိအပြည့်နဲ့ပေါ့…
လက်နက်ရန် ကျည်ဆံ လေယာဉ်တွေကို မကြောက်ပေမဲ့…
ထောင်ထဲက မေမေနဲ့ အခြားရဲဘော်တွေ
အဆင်မပြေ ဖြစ်နေမှာကိုတော့ စိုးကြောက်တယ်
အိပ်မက်ဆိုးတွေနဲ့ တစ်ရေးနိုးထထငိုတတ်တုန်း
ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ပတ်သတ်ရင်
ကျွန်တော့်နှလုံးသားက နုပါတယ်။
ထောင်ထဲကစာတွေရောက်လာတိုင်း
အိပ်မက်ထဲ လူစုံမက်တတ်တယ်
“ငါတို့က မင်းတို့နိုင်မှ လွတ်မှာ”
“ငါတို့က မင်းတို့နိုင်မှ ကျွတ်မှာ”
ထောင်ထဲကရောက်လာတဲ့ စာတွေက
ငါတို့ နောက်ပြန်လှည့်လို့ မရကြောင်း အမြဲသတိပေးတယ်။
ထောင်ထဲကရောက်လာတဲ့ စာတွေက
ဘာပဲဖြစ်ဖြစ် ရှေ့ဆက်မှဖြစ်မယ်လို့ ပြောတယ်။
ထောင်ထဲကရောက်လာတဲ့ စာတွေက
တော်လှန်ရေးအဆုံးထိ တိုက်နိုင်ဖို့
ငါတို့အတွက် ခွန်အားတွေပါပဲ. . . ။

Salmon