မန္တလေးတိုင်း ၊ မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်းမှာ စာအံကျောင်းတက်နေတဲ့ ဦးဇင်းတပါး နဲ့ကိုရင်တပါးကို စစ်ကောင်စီတပ်ဖွဲ့တွေ က နိုဝင်ဘာလ ၂ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မန္တလေးသံဃသမဂ္ဂက ဦးဆောင် ရဟန်းတပါးက DNA ကိုမိန့်ကြားပါတယ်။
အဲဒီနေ့ကမိုးကောင်းကျောင်းတိုက်မှာ အရင်သီတင်းသုံးနေထိုင်ခဲ့တဲ့ သံဃသမဂ္ဂဦးဆောင်ရဟန်းတပါးကို စစ်တပ်ကလာရောက်ရှာဖွေရာမှာ မတွေ့တာကြောင့် ည၇နာရီလောက်မှာပြန်ရောက်လာပြီး စာအံကျောင်းတက်နေတဲ့ ဦးဇင်း ဦးအဇ္ဇုနနဲ့ ကိုရင်ရှင်ကုသလတို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။
စတင်ဖမ်းဆီးချိန်က စစ်ဆေးမေးမြန်းစရာရှိလို့ ဆိုပြီး စစ်တပ်က ခေါ်ဆောင်သွားပေမယ့် ဒီကနေ့ နိုဝင်ဘာ၆ရက်နေ့အထိပြန်လွှတ်ပေးတာမရှိသလိုအဆက်အသွယ်လည်းမရတဲ့အခြေအနေဖြစ်နေတာဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
“သူတို့ဖမ်းချင်တဲ့ ဆရာတော်ကို မမိလို့တခြားသံဃာတွေကို ပြန်ပေးဆွဲသလိုလုပ်တာဖြစ်တဲ့အတွက် မလုပ်သင့်မလုပ်အပ်ဘူးလို့မြင်တယ်။ ရဟန်းသံဃာတွေအပေါ်မှာတောင် အကြမ်းဖက်စစ်မိစ္ဆာတွေက ဒီလိုအောက်တန်းကျ ယုတ်မာရက်စက်တယ်ဆိုရင် ပြည်သူလူထုအပေါ် ဘယ်လောက်အထိ ယုတ်မာ ရိုင်းစိုင်းကြမလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်” လို့သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဆရာတော်တပါးကမိန့် ပါတယ်။
ဒီဖြစ်ရပ်တွေကို သံဃသမဂ္ဂ(မန္တလေး)က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းထုတ်ပြန်ပြီး ဖမ်းဆီးခံ သံဃာတော်တွေကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ခဲ့ရင် စစ်တပ်ရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာလည်း သံဃသမဂ္ဂ(မန္တလေး)က ဦးဆောင်သံဃာ ဦးကလျာဏကိုစစ်တပ်ကဖမ်းဆီးသွားပြီး လက်ရှိမှာ သံခြေချင်းခတ်ပြီးရိုက်နှက်ခံထားရတဲ့အနေအထားနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ သံဃသမဂ္ဂ(မန္တလေး) ကဆရာတော်တွေကပြောဆိုထားပါတယ်။
အဲ့ဒီနေ့မှာတော့ ဆရာတော် ဦးကလျာဏအတူ မန္တလေး သပိတ်အင်အားစုမှာ ကျောင်းသားလူငယ်တွေဖြစ်တဲ့ ကိုပိုင်နွေဦး၊ ကိုဌက် (ခေါ်) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ဟာ တစ်ရက်တည်းဖမ်းဆီးခံလိုက်ရပါတယ်။
အာဏာသိမ်းစကတည်းက အခုချိန်ထိ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ သပိတ်တွေအားကောင်းတဲ့ မန္တလေးမြို့မှာတော့စစ်ကောင်စီတပ်တွေက သပိတ်မှာပါဝင်တဲ့ ရဟန်းသံဃာတော်တွေနဲ့ လူငယ်တွေကိုဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ဒီကနေ့အထိရပ်တန့်မသွားဘဲ ဆက်လုပ်နေပါတယ်။
ဓါတ်ပုံ- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်းပုံဟောင်း