နိုင်ငံရေးသမားကတော့ ကြွေးကြော်သံတွေနဲ့ အသက်ဆက်ဖို့ ကြိုးစားလေ့ရှိတာ ထုံးစံပဲ။ဒါပေမဲ့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးက စစ်ရေးကို ဗဟိုပြုပြီး သွားနေကြတာ။စစ်ရေးမှာက ကြွေးကြော်သံကို မဟာဗျူဟာလုပ်ပြီး သွားလို့ရတာ မဟုတ်ဘူး။ ပြီးတော့စစ်ပွဲဆိုတာကလည်း ရွေးကောက်ပွဲလို မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ စစ်ပွဲက မတူဘူး။ စစ်ဆိုတာနိုင်ခြေရှိမှ တိုက်ရတယ်၊ နိုင်အောင်လည်း ကြိုတင်ပြင်ဆင်တတ်ရတယ် ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ကမန်းကတန်း တော်လှန်ရေးမှာ ကယောင်ကတမ်း ကြွေးကြော်သံတွေနဲ့ စစ်အနိုင်တိုက်ရေး လမ်းစဉ်ကို ဦးဆောင်လို့ မရဘူးဆိုတာကို အားလုံး နားလည်ပြီးဖြစ်ပါတယ်။
ပြတ်သားတဲ့အဖြေ ထွက်ခဲ့ဖူးပါသလား
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်တိုက်ပွဲကိုသတ်မှတ်မယ့် နှစ်တစ်နှစ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားတယ်။ အဆုံးအဖြတ်လို့ပြောတဲ့နေရာမှာ အနိုင်လည်း ရှိလိမ့်မယ်၊ အရှုံးလည်း ရှိလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ပြည်တွင်းစစ်သမိုင်းနောက်ခံကို လေ့လာ ကြည့်ရင် အဖြေ ပြတ်ပြတ်သားသား ထွက်ခဲ့တဲ့ပြည်တွင်းစစ်ရလဒ် ရှိခဲ့ပါသလား။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်သမိုင်းကို လေ့လာကြည့်ရင်အဖြေ ပြတ်ပြတ်သားသား မထွက်ခဲ့ပါဘူး။ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ်ကတည်းကဖွားဖက်တော်အဖြစ်ပါလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ စစ်အင်အား အတည်၊ အရွေ့တွေသာဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်ဇာတ်လမ်း မပြီးဆုံးသေးတာ ယခုတိုင်ဖြစ်ပါတယ်။ ကျူးကျော်စစ်တွေကို ခုခံတော်လှန်တဲ့နေရာမှာ အဖြေတွေဟာ ပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ကိုလိုနီ အင်္ဂလိပ်ကို တော်လှန်ဖို့ ဖက်ဆစ်ဂျပန် ပူးပေါင်းပြီး တိုက်ထုတ်တယ်။အဖြေပြတ်ပြတ်သားသား ထွက် ခဲ့ပါတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ ကိုလိုနီအင်္ဂလိပ်နဲ့ထပ်ပြီး ပူးပေါင်းခဲ့ပြန်တယ်။ အဖြေ ပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ ဒါပေမဲ့လွတ်လပ်ရေးရပြီးကတည်းက တိုက်လာကြ၊ တော်လှန် လာကြတဲ့ ပြည်တွင်းစစ်ဟာ နှစ်ပေါင်း(၇၀) ကျော်ပြီ။ ယခုထိ အဖြေ ပြတ်ပြတ်သားသား မထွက်ခဲ့ပါ ဘူး။ ကစားသမားတွေ ပြောင်း၊ ပြည်တွင်းစစ် သက်ဆိုးရှည်မြန်မာပြည် ပြည်တွင်းစစ်သမိုင်းကို အနှစ်ချုပ်ရင် အီလည်လိုက်တာနဲ့၊ မျောနေတာနဲ့စစ်ရေးအားပြိုင် လွန်ဆွဲပြီး စစ်ရေးစိုးမိုးဧရိယာတွေ ရွေ့သွား ပြောင်းသွားတာပဲ ရှိခဲ့ဖူးပါတယ်။ဘယ်ဘက်ကမှ ပြတ်ပြတ်သားသား အနိုင်ရခဲ့တယ်လို့ လုံးဝ မရှိခဲ့ပါ။ အင်အားချိနဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ မှေးမှိန် ပျောက်ကွယ်သွားတာ ရှိပေမဲ့ ဒါဟာ ပြည်တွင်းစစ်ကစားပွဲထဲကထွက်သွား တာသာ ဖြစ်တယ်။ အနိုင်၊ အရှုံး ပြတ်သားတဲ့ အဖြေပေါ်ခဲ့တာ မဟုတ်ဘူး။မှေးမှိန်သွားတဲ့ လက်နက် ကိုင်အဖွဲ့တွေ အစား ပြည်တွင်းစစ်ကစားပွဲကို သက်ဆိုးရှည်စေမယ့်ဇာတ်ကောင်အသစ်တွေ ပြန်လည် မွေးဖွားပြီးပြည်တွင်းစစ်သမိုင်းဇာတ်ကို ပွဲဖြစ်အောင် ယခုထိကနေကြတာပဲ မဟုတ်လား။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖြစ်ပျက်နေတဲ့ပြည်တွင်းစစ်ကရော။ တကယ့် အဆုံးအဖြတ်အဖြေကို ပြတ်ပြတ်သားသား ပြနိုင်မယ့်အခြေအနေကို ရောက်နေပြီလား၊ ရောက်မှာလား၊ ရောက်မယ်လို့ ထင်ပါသလား။
ဘယ်ဘက်ကမှ မနိုင်သလို ဘယ်ဘက်ကမှလည်း မရှုံး
မြန်မာ့ပြည်တွင်းစစ်သမိုင်းစဉ်ကို လေ့လာကြည့်တဲ့အခါ ကိုယ့်အချင်းချင်းတွေ တိုက်တဲ့စစ်ပွဲ တွေဟာ ဘယ်သောအခါမှ ပြတ်ပြတ်သားသား မဖြစ်ခဲ့ဘူးဆိုတာ အဖြေထွက်တယ်။မြန်မာ့ပြည်တွင်း စစ်သမိုင်းမှာ ဘယ်သူမှလည်း မရှုံးခဲ့သလို၊ ဘယ်သူမှလည်းပြတ်ပြတ်သားသား မနိုင်ခဲ့ပါဘူး။ နိုင်ငံရေး မှာ အနိုင်၊ အရှုံး ပြတ်သားတယ်ဆိုတာရွေးကောက်ပွဲမှာလား၊ သို့မဟုတ် စစ်ရေးမှာလား။ အတိတ် သမိုင်းကို လေ့လာကြည့်ရင်မြန်မာစစ်တပ်လည်း မရှုံးခဲ့သလို၊ တော်လှန်သော လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေလည်းမရှုံးခဲ့ပါဘူး။ မြန်မာ့နိုင်ငံရေး အတိတ်သမိုင်းထဲက ပြည်တွင်းစစ်သမိုင်းကို လေ့လာ ကြည့်ရင်မြန်မာစစ်တပ်လည်း မနိုင်ခဲ့သလို၊ တော်လှန်သောလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း မနိုင်ခဲ့ပါဘူး။ တိုက်ပွဲတွေမှာ နိုင်တာ စစ်ပွဲကြီးတစ်ခုလုံး နိုင်တာမှ မဟုတ်တာ။ စစ်ပွဲတစ်ခုလုံးကိုရလဒ် ပြတ်ပြတ်သားသားထွက်အောင် ယတိပြတ်လုပ်နိုင်တဲ့ ဖြစ်ရပ်က ဘယ်မှာလဲ။ အဆုံးထိ သွားကြမတဲ့ အတိတ်အကြောင်းအခြင်းအရာ အားလုံးကို စုံစုံစေ့စေ့ လေ့လာဆန်းစစ်ကြည့်လိုက်ရင်လက်ရှိ ပြည်တွင်းစစ်ကလည်း ပြတ်ပြတ်သားသား အဖြေတစ်ခု ချက်ချင်း လက်ငင်းထွက်မယ်လို့ လောလော ဆယ် လုံးဝ ပြောလို့ မရနိုင်သေးပါဘူး။ သို့သော်လည်းခေတ်အခြေအနေတွေဟာ အတိတ်နဲ့ မတူတော့ ဘူး။ လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲမှုတွေဟာအတိတ်နဲ့ လုံးဝ ကွာခြားသွားခဲ့ပြီ။ လူထုရဲ့ တော်လှန်ရေး ရေချိန်နဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ မကျေနပ်မှု၊ နာကျည်းချက်တွေဟာ နောက်ကြောင်းပြန် မလှည့်နိုင်လောက်အောင်အဆုံးထိ သွားနေဖို့ ဆုံးဖြတ်ထားကြတာတွေ့ရတယ်။ တော်လှန်ရေး အင်အားစုတွေဘက်ကအဆုံးထိ သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြသလို၊ မြန်မာစစ်တပ် ခေါင်းဆောင်တွေကလည်းအဆုံးထိ သွားဖို့ စီမံ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ထင်ရှားတယ်။ မြန်မာ စစ်တပ်ကအဆုံးထိသွားမယ်လို့ မကြွေးကြော်ပေမဲ့ သူတို့ လုပ်ရပ်တွေကို ကြည့်ရင် အဆုံးထိသွားဖို့ဆုံးဖြတ်ချက် ချထားပြီးသားဆိုတာ သိသာထင်ရှားလွန်းနေတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဆုံးထိသွားမယ်ဆိုတဲ့ နိုင်ငံရေးကြွေးကြော်သံတွေ ပွက်လောညံနေပေမဲ့လက်တွေ့မှာ အဆုံးထိ သွားဖို့ သက်လုံကောင်းအောင် အရင် လုပ်နေရတဲ့ အနေအထားမှာရှိနေတယ်။
ကျူပင်ခုတ် ကျူငုတ် မကျန် ဗျူဟာ
ပြည်တွင်းစစ်သမိုင်းတစ်လျှောက်လုံးမှာ မြန်မာစစ်တပ်ဟာ ကျူပင်ခုတ် ကျူငုတ်ပါမကျန်စေ ရဆိုတဲ့ ဗျူဟာကို တရားသေကိုင်စွဲပြီးတော့ ဖြိုခွင်းဖိနှိပ်ခဲ့တယ်။ထိုနည်းလည်းကောင်းပဲ ပြည်တွင်း စစ်သမိုင်းတစ်လျှောက်လုံးမှာဗမာတော်လှန်ရေးအင်အားစုတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့အခါအဆုံးသတ်တိုက်ပွဲ၊ အပြုတ်တိုက်လမ်းစဉ်ဆိုတဲ့ မူကို တစ်ထစ်မှာ မလျှော့ခဲ့ဘူး။ ဒါပေမဲ့လက်တွေ့ ပြည်တွင်းစစ်သမိုင်းမှာတော့ မြန်မာစစ်တပ်က ဘယ်လောက်ပဲ ကျူပင်တွေကိုခုတ်ခုတ်၊ ကျူငုတ်တွေကို တူးဖော်ပါစေ ကျူပင်အသစ်တွေလည်း ပေါက်လာတာသာများသလို၊ ကျူ ငုတ်တွေလည်း ငေါလောငေါလော နဲ့ တင်းကျမ်း ပြည့်နှက်နေခဲ့တယ်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ဟာ ကျူပင်အသစ်တွေကိုလည်း မွေးဖွားသန့်စင်ပေးသလို၊ကျူငုတ်ပေါင်းများစွာကိုလည်း ပေါ်ပေါက် လာစေခဲ့တယ်။
အဆုံးသတ် အပြုတ်တိုက် လမ်းစဉ်
တော်လှန်သောဗမာအင်အားစုတွေကလည်း အဆုံးသတ်တိုက်ပွဲနဲ့အပြုတ်တိုက်လမ်းစဉ်ကို အသံကုန်အော်ဟစ်ပြီး ဘယ်လောက်ပဲ ကြွေးကြော် ကြွေးကြော်လက်တွေ့မှာ မြန်မာစစ်အာဏာရှင် ကို အပြုတ်လည်း မတိုက်နိုင်ဘူး၊ မပြတ်လည်း မရှင်းနိုင်ဘူး၊အဆုံးသတ်တိုက်ပွဲဆိုတာလည်း ဘယ် တုန်းကမှ ရောက်အောင် မလျှောက်နိုင်ခဲ့ကြပါဘူး။အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲမယ်ဆိုရင်တောင် ဗမာ့ ဗီဇအကျင့်တစ်ခုဖြစ်တဲ့ ပန်းမဝင်ခင်တက်ထောင်တတ်တဲ့ အကျင့်ကြောင့် တိုက်ပွဲကိုသာ နိုင်တယ်၊ စစ်ပွဲကြီးတစ်ခုလုံးကိုအနိုင်တိုက်ပြီး မြန်မာစစ်အာဏာရှင်ကို နိဂုံးချုပ် မပေးနိုင်ခဲ့ပါဘူး။ အမှန်တရား ဟာ ခါးတယ်လို့ပြောရင် လက်ခံချင်ပါ့မလား။ လက်တွေ့ကျခဲ့သူတွေ
လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အတွင်းက လက်နက်ကိုင်လမ်းစဉ်ကိုလျှောက်လှမ်းနေတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ ဗမာမဟုတ်သော လူမျိုးစုတွေဟာဗမာလူမျိုးစုတွေထက် စစ်ရေး နယ်ပယ်မှာ ပိုပြီး လက်တွေ့ကျကျရှုမြင်လုပ်ဆောင်နိုင်တယ်ဆိုတာ သိသာထင်ရှားတယ်။ လက်နက် ကိုင်တော်လှန်ရေးကိုနှစ်ပေါင်းများစွာ ဆုပ်ကိုင် တက်လှမ်းလာခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးစု လက်နက်ကိုင်
ခေါင်းဆောင်တွေဟာ လက်တွေ့မကျသော နိုင်ငံရေးမက်လုံးတွေနဲ့ သူတို့ရဲ့ ပြည်သူ လူထုကိုမလိမ်ညာခဲ့ဘူး၊ မျှော်လင့်ချက်အတုအယောင်တွေ မပေးခဲ့ဘူးလို့ ပြောနိုင်ပါတယ်။
မဟာမိတ်စစ်ရေးတပ်ပေါင်းစု / အဓိက
လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့အခါမှာ လက်တွေ့ကျကျ သိမြင်နိုင်ဖို့ဟာအထူးအရေး ကြီးသလို၊ လက်တွေ့ကျကျ လုပ်နိုင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်ဦးနေရာကနေဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ခေါင်းဆောင်တွေဟာ ပို၍လက်တွေ့ကျသော စစ်ရေးလုပ်ဆောင်ချက်တွေကို လုပ် ဆောင်နေဖို့ လိုအပ်နေပါတယ်။
မဟာမိတ်ဆက်ဆံရေးဆက်ထုံးကို ခိုင်မာကျစ်လစ် ကြံ့ခိုင်အောင် တည်ဆောက်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းမှာ အထွေထွေ အကန့် အသတ်တွေရှိနေပါတယ်။ အထူးသဖြင့် ဗမာမဟုတ်သော လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်ပိုင်းကိုတိမ်းညွှတ်စေမယ့် နိုင်ငံရေးကိုယ်ခံအား မကောင်းတာကို တွေ့မြင်နေရပါတယ်။စစ်ရေးဦးဆောင်မှုမှာ အသံသာရှိပြီး အဆန် မရှိတဲ့ အဖြစ်မျိုး မရောက်ဖို့အတွက်ဗမာနိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ အပြောနဲ့ အလုပ် ညီကြဖို့ ၊ လုပ်သလောက်သာပြောဆိုကြဖို့ လိုတယ်။
နေပြည်တော်ကို မဖြိုနိုင်သရွေ့
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် လျှောက်လမ်းကို ပြတ်ပြတ်သားသားအဆုံးအဖြတ် ပေးနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ်ပေါင်းစုကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ် လောက် လက်တွေ့ကျကျ စုဖွဲ့နိုင်စွမ်းရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ဒါ့အပြင် နယ်စွန် နယ်ဖျားတွေဖြစ်တဲ့ periphery region တွေမှာ ဘယ်လောက်ပဲစစ်ရေးစိုးမိုးဧရိယာအဖြစ် ခြေကုပ် ယူထားနိုင်သည်ဖြစ်စေ လက်တွေ့မှာ မြန်မာစစ်တပ်ရဲ့နှလုံးသားနယ်မြေဌာနချုပ်ဖြစ်တဲ့ နေပြည်တော် ကို မသိမ်းပိုက်နိုင်သရွေ့၊ မချေမှုန်းနိုင်သရွေ့နွေဦးတော်လှန်ရေးဟာ ဘယ်တော့မှ အနိုင်မရဘူးလို့ ပြောချင်ပါတယ်။ စစ်ရေးနယ်ပယ်ဟာလက်တွေ့အကျဆုံး ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလက်နက်ကိုင်လမ်းစဉ်ကို pressure mechanism အနေနဲ့ သုံးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာအထက်စီးကနေ ညှိနိုင်ဖို့ လုံးဝ စိတ်ကူးမယဉ်သင့်ပါ။ မြန်မာစစ်အုပ်စုဟာဒီပေးထားချက်မျိုးကို ငြင်းပယ်ပါလိမ့်မယ်။ ငြင်းပယ်ထားပြီး ဖြစ်တာကိုလည်း တွေ့ရပါတယ်။
အဆုံးသတ်တိုက်ပွဲလို့ ပြောနိုင်ဖို့ နေပြည်တော်ကို ဖြိုကြစို့
မြန်မာစစ်တပ်ဟာ ဗမာမဟုတ်သောလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အသေအကြေရေကုန် ရေခမ်း တိုက်ခိုက်စေခဲ့အုံးတော့၊ ၎င်းတို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဖို့မြန်မာစစ်တပ်က စိတ်ရှိ ထားနိုင်ပါသေးတယ်။ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့လောလောဆယ် စစ်ရေးအကျပ်အတည်းကို ဆိုက်ရောက်နေတဲ့ အခြေအနေလိုမျိုးဖြစ်လာလေလေ၊ သူ့အတွက် ဗမာမဟုတ်သောလူမျိုးစု လက် နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ စစ်ရေးအသက်ရှုပေါက်ရအောင် အမြဲတမ်းကြံဆနေပါလိမ့်မယ်။ ဒါပေမဲ့ ဗမာအညာလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့တော့တွေ့ဆုံ ဆွေးနွေးရေးဆိုတာကို လုံးဝ ထည့်သွင်းစဉ်းစားထားတာ မရှိပါ။ တော်လှန်သောဗမာလက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း အဆုံးထိ သွားဖို့က လွဲလို့ တခြားရွေးစရာမရှိသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲရဲ့ အဖြေဟာမဟာမိတ်စစ်ရေးတပ်ပေါင်းစုကို ဘယ်လောက်အထိ ကျယ်ပြန့် နက်ရှိုင်းစွာ စုဖွဲ့နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဒါ့အပြင် မြန်မာစစ်အာဏာ ရှင်ရဲ့ စစ်ရေးဗဟိုချက်မဖြစ်တဲ့နေပြည်တော်ကို သိမ်းပိုက် ချေမှုန်းတာမျိုး မလုပ်နိုင်သရွေ့၊ နွေဦး တော်လှန်ရေးရဲ့လက်နက်ကိုင်တိုက်ပွဲက အဆုံးသတ်တိုက်ပွဲကို ရောက်ပြီလို့ လုံးဝ မပြောနိုင်ကြောင်းရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား။
မင်းသေ့
ည ၈း၀၃
၂၅၊ အောက်တိုဘာ၊ ၂၀၂၂။