ဒေလီမှာ လေထုညစ်ညမ်းမှု အရမ်းဆိုးရွားလာလို့ ကျောင်းတွေ ပိတ်ပေးဖို့ တောင်းဆို

အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်ရဲ့ လေထုညစ်ညမ်းမှုဟာ အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ အဆင့်ထိ ရောက်ရှိလာတဲ့နောက် ကျောင်းတွေ ပိတ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။ 

နိုဝင်ဘာ ၃ ရက်က ဒေလီမြို့ အစိတ်အပိုင်း အသီးသီးရဲ့ လေထုအရည်အသွေး ညွှန်ကိန်း (AQI)ဟာ စိုးရိမ်ရတဲ့ အဆင့်နဲ့ အန္တရာယ်ရှိတဲ့ အဆင့်တွေကို ရောက်ရှိလာခဲ့ပါတယ်။ တစ်နည်းအားဖြင့် မြို့ခံလူထု သန်း ၂၀ လောက်ဟာ မီးခိုးတွေကို ရှူသွင်းနေရတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေပြီလို့ ပညာရှင်တွေက ပြောပါတယ်။ 

AQI ညွှန်ကိန်းသတ်မှတ်ဟာ လေထုထဲမှာ ညစ်ညမ်း အမှုန်အမွှားတွေ ပါဝင်မှုကို တိုင်းတာထားတာ ဖြစ်ပါတယ်။ AQI သတ်မှတ်ချက် ၀ ကနေ ၅၀ ထိက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ၁၅၀ အထက်ဆိုရင် စိုးရိမ်ရပါပြီ။ ဒေလီမြို့ထဲမှာ နေရာအနှံ့ ဖြန့်ကျက်တိုင်းတာကြည့်တဲ့အခါ အဖြေက ၄၀၀ နဲ့ ၄၅၀ ကြားတွေချည်း ထွက်ပေါ်နေတာ တွေ့ရပါတယ်။ အဆိုးတကာ့ အဆိုးဆုံး ဧရိယာ တချို့မှာတော့ ၈၀၀ ပါ ကျော်သွားတယ်လို့ ဒေလီ ညစ်ညမ်းမှု ထိန်းသိမ်းရေး ကော်မတီက ကြေညာပါတယ်။ 

အခုအခါမှာတော့ ကလေးတွေကို ကျောင်းလွှတ်ဖို့ မသင့်တော်တဲ့အတွက် ကျောင်းတွေ ပိတ်ထားသင့်ကြောင်း မိဘတွေဆီက တောင်းဆိုမှုတွေ မြင့်တက်လာပြီး အာဏာပိုင်တွေကလည်း ဒိကိစ္စကို ပြန်လည် သုံးသပ် စဉ်းစားနေရပါ ပြီ။ 

ဒေလီမြို့ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ အတိုက်အခံ ပါတီက လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး အစီအမံတွေ အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်တဲ့ အာဏာရ ပါတီကို အပြစ်တင်ထားပြီး အာဏာရ ပါတီကလည်း အတိုက်အခံ ပါတီကို အပြစ်ပြန်ဖို့ထားပါတယ်။ 

လောလောဆယ်တော့ မြို့ထဲမှာ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားတဲ့ ဒီဇယ်အင်ဂျင်သုံး ကားတွေ သုံးစွဲမှုကို ဆိုင်းငံ့ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဒေလီမှာ အပူချိန်လျော့ပြီး လေငြိမ်သက်သွားတဲ့ ဆောင်းတွင်းကာလတွေမှာ နှစ်စဉ် အခုလိုပဲ မီးခိုးမြူတွေ ထူထပ်ပြီး လေထုညစ်ညမ်းတတ်ပါတယ်။ 

မကြာသေးခင်က ဒေလီမှာ ကျင်းပခဲ့တဲ့ ဒေပဝါလီ ပွဲတော်အတွင်း မီးရှူးမီးပန်းနဲ့ ဗျောက်အိုးဖောက်မှုတွေ၊ မြို့ပြင်ဧရိယာတွေက လယ်ကွင်းပြင်တွေမှာ ဆောင်းသီးနှံစိုက်ဖို့ ရိုးပြတ်တွေကို မီးရှို့ရှင်းလင်းတာတွေကြောင့်လည်း မြို့ထဲက မီးခိုးမြူ ပြဿနာဟာ ပိုမို ဆိုးရွားလာခဲ့ကြောင်း သိရပါတယ်။