ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့နောက် နေရာဟောင်းဆီ ပြန်လာဖို့ အစ္စရေး ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟူက စီစဉ်နေပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်ပြီး ၄၈ နာရီ မပြည့်ခင်မှာ လက်ရှိ အစ္စရေး ဝန်ကြီးချုပ် ယဲရ်လာပစ်ဒ်က နေတန်ညာဟူဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အစ္စရေး ရွေးကောက်ပွဲ ကော်မတီရဲ့ ကြေညာချက်အရ နေတန်ညာဟူနဲ့ သူ့ရဲ့ လက်ယာစွန်း မဟာမိတ် အင်အားစုတွေက လွှတ်တော်ထဲမှာ အမတ်နေရာ ၆၄ ရာခိုင်နှုန်းလောက် ပိုင်ဆိုင်မယ်လို့ သိရပါတယ်။
ဒါကြောင့် နေတန်ညာဟူဟာ လက်ယာစွန်း မဟာမိတ် အင်အားစု ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ လုံလောက်တဲ့ သောင်ပြိုကမ်းပြို အနိုင်ရမှုမျိုး ပိုင်ဆိုင်သွားပြီလို့ ပြောနိုင်ပါတယ်။ အစ္စရေး သမ္မတ အိုင်းဆက် ဟားဇော့က အနိုင်ရ နိုင်ငံရေး အင်အားစုသစ်ကို အစိုးရသစ် ဖွဲ့စည်းဖို့ တိုက်တွန်းသွားမှာဖြစ်ပြီး နိုဝင်ဘာ ၉ ရက်လောက်ကျရင် တရားဝင် အသိအမှတ်ပြု ကြေညာနိုင်ဖွယ် ရှိနေကြောင်း ပြောပါတယ်။
၂၀၁၅ ခုနှစ်နောက်ပိုင်း မဲပေးသူ အရေအတွက် အများဆုံး ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေက နေတန်ညာဟူကို အဓိက ရွေးချယ် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ နေတန်ညာဟူဟာ အစ္စရေးမှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ယူဖူးပြီး နိုင်ငံသမိုင်းတလျှောက် သက်တမ်းအရှည်ဆုံး ရွေးကောက်ခံ ခေါင်းဆောင် အဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ သူဟာ အဲဒီသက်တမ်း နှစ်ကြိမ်အတွင်း အစ္စရေး ဝန်ကြီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သလို အခုလည်း တတိယအကြိမ်မြောက် ဝန်ကြီးချုပ် ဖြစ်လာတော့မယ့် သဘောပါ။
လေ့လာသူတွေကတော့ လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ နေတန်ညာဟူ ပြန်လည် အာဏာရလာခြင်းက သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်နေတဲ့ အမေရိကန် အစိုးရရဲ့ အရှေ့အလယ်ပိုင်းရေးရာ မူဝါဒတွေမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့လာစေနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။