အမာမြို့ပင်လယ် ကမ်းစပ်မှာ ရိုဟင်ဂျာ ခြောက်ဆယ်ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်၊ အမာမြို့နယ်ခွဲ ၊ ကတုံးလေးရွာအနီး ပင်လယ်ကမ်း စပ်မှာ လှေနစ်မြုပ်လို့ရောက်လာတဲ့ ရိုဟင်ဂျာ (၆၀) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အတူ လာကြ တဲ့ ကျန် (၂၀) ဦးကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာအဖွဲ့မှာ အသက် ၁၈ နှစ် အောက်အမျိုးသား (၅၄) ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ( ၆၀ ) ဦးကို အောက်တိုဘာ (၃၁) ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ ရေလုပ်သားတွေက သူတို့ကို ပင်လယ်ကမ်းစပ်မှာတွေ့တဲ့အကြောင်း ဖုန်းဆက်ပြောပြလို့ စစ်တပ် နဲ့ရဲက လာဖမ်းကြတာပါ” လို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

စက်လှေနဲ့လာကြတာ စုစုပေါင်း (၈၀) ဦးဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့က ဘိုကလေးမြို့နယ်နဲ့ အမာမြို့အကြား တုံးလေးကျေးရွာအနီး ကဒုံကနိ ပင်လယ်ကမ်းစပ်နားမှာ ရိုဟင်ဂျာ ၂၀ လောက်ပါတဲ့ စက်လှေတစီးနစ်မြုပ်သွားကာ စက်လှေပေါ်က လူတွေအားလုံး ပျောက်ဆုံးနေတယ်လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ဝင် တချို့ဆီက သိရပါတယ်။

နစ်မြုပ်သွားတယ်ဆိုတဲ့ စက်လှေကို ရေလုပ်သားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ လိုက်လံရှာဖွေရာမှာ လူမပါတဲ့ စက်လှေတစ်စီးကို ရှာတွေ့ထားပြီး စက်လှေပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ (၂၀) ဦး ကိုတော့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

“လိုက်ရှာနေပါတယ်၊ လတ်တလော စက်လှေတစီးတော့ တွေ့ထားတယ်၊ ဟုတ်မဟုတ်စစ်ဆေးနေပါတယ် လှေပေါ်ပါလာသူတွေကိုတော့ သေသူရော ရှင်သူရော ရှာလို့ မတွေ့သေးဘူး” လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်ကနေ ဧရာဝတီ ကမ်းရိုးတန်းအတိုင်း စက်လှေနဲ့ ဧရာ၀တီတိုင်းအတွင်းကို နယ် မြေဖြတ်ကျော် ဝင်ရောက်လာလို့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ဘိုကလေးမြို့နယ်၊ ရဲစခန်းမှာ ချုပ်ထားပြီး သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်း ငသိုင်းချောင်း – ဂွ ကားလမ်း ဗောဓိကျေးရွာအနီး တောစပ်မှာလည်း ကုန်းလမ်းခရီးနဲ့ လာကြတဲ့ ရိုဟင်ဂျာ အမျိုးသား (၂၈) ဦး၊ အမျိုးသမီး (၁၈) ဦးနဲ့ လမ်းပြနှစ်ဦးတို့ကို ပြီးခဲ့တဲ့ အောက် တိုဘာ(၂၇) ရက်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်တဲ့ရိုဟင်ဂျာတွေဟာ ရေလမ်း ကုန်းလမ်း ထိစပ်နေတဲ့ ဧရာဝတီတိုင်း ထဲကို မကြာခဏ နယ်မြေဖြတ်ကျော် ဝင်ရောက်လာလေ့ရှိပြီး အောက်တိုဘာ ၂၂ ရက်နေ့ကလည်း မအူပင်မြို့နယ်၊ အောက်ထုံးရွာအနီး၊ တိုးမြစ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် ရိုဟင်ဂျာ (၅၄) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။