ငယ်ဘဝက နာဇီအားပေး ဓာတ်ပုံကြောင့် အီတလီ ဒုဝန်ကြီးသစ် ပြဿနာတက်နေ

အီတလီ ​ဝန်ကြီးချုပ်က ခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်သစ် တစ်ဦးရဲ့ ငယ်ဘဝက နာဇီဝါဒကို ထောက်ခံထားကြောင်း ဓာတ်ပုံတစ်ပုံကြောင့် အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။
အီတလီမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အာဏာရလာတဲ့ ဂျော်ဂျီယာ မယ်လိုနီဟာ သူ့ရဲ့ အီတလီ ညီနောင်များ ပါတီက ဂါလက်ဇို ဘစ်နမ်မီကို အခြေခံအဆောက်အအုံဆိုင်ရာ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မယ်လိုနီ ကိုယ်တိုင်က အီတလီမှာ ဒုတိယ ကမ္ဘာစစ်ကာလက ဖက်ဆစ်ခေါင်းဆောင် ဘင်နီတို မူဆိုလီနီနောက်ပိုင်း ပထမဆုံး အာဏာရလာတဲ့ လက်ယာစွန်း ဝန်ကြီးချုပ်အဖြစ် သတ်မှတ် ခံထားရပါတယ်။ ဒါပေမဲ့ သူဟာ ဖက်ဆစ်တစ်ဦးတော့ မဟုတ်ဘူးလို့ မယ်လိုနီက ငြင်းဆိုထားပါတယ်။
အခုတော့ သူ့ရဲ့ အစိုးရ အဖွဲ့ထဲမှာ ထည့်သွင်းခန့်အပ်ထားတဲ့ ဘစ်နမ်မီရဲ့ ငယ်ဘဝ ဓာတ်ပုံတစ်ခုကြောင့် အငြင်းပွားစရာတွေ ဖြစ်ပေါ်နေပါပြီ။ အဲဒီဓာတ်ပုံထဲမှာ ဘစ်နမ်မီဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နာဇီပါတီရဲ့ စကြာတံဆိပ် လက်ပတ်ကို ဂုဏ်ယူစွာ ဝတ်ဆင် ပြသနေတာ တွေ့ရပါတယ်။
အဲဒီဓာတ်ပုံဟာ ၂၀၀၅ ခုနှစ်မှာ ရိုက်ကူးထားတာဖြစ်ပြီး နောက်ထပ် ၁၁ နှစ်အကြာမှာ အီတလီ သတင်းစာ တစ်စောင်က ဖော်ပြခဲ့ဖူးပါတယ်။ အစိုးရ အဖွဲ့ထဲ ဘစ်နမ်မီ ရောက်လာချိန်မှာတော့ ဒီဓာတ်ပုံက တကျော့ပြန် လူပြောများလာတာ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်တဲ့ ဘစ်နမ်မီဟာ စက်တင်ဘာ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာအတွက် ဒုတိယအကြိမ် ရွေးကောက် ခံခဲ့ရပါတယ်။ သူနဲ့ ဝန်ကြီးချုပ် မယ်လိုနီတို့ရဲ့ အီတလီ ညီနောင်များ ပါတီကလည်း နာဇီနဲ့ ဖက်ဆစ်ဝါဒ သဘောတရားတွေ ကိုင်ဆွဲဖူးတဲ့ သမိုင်းကြောင်းတွေ ရှိနေပါတယ်။
ဘစ်နမ်မီကတော့ သူဟာ ငယ်ဘဝက အရူးထခဲ့တဲ့ ကိစ္စတစ်ခုအတွက် အထူးတလည် ရှက်ရွံ့မိကြောင်း ပြောကြားခဲ့ပြီး အခုအခါမှာတော့ နာဇီဝါဒဆိုတာ လုံးဝဥဿုံ စက်ဆုပ်စရာ တစ်ခုအဖြစ် လက်ခံထားကြောင်း ဖြေရှင်းခဲ့ပါတယ်။
အီတလီ ဝန်ကြီးချုပ်သစ် မယ်လိုနီ ကိုယ်တိုင်ကလည်း သူဟာ ဖက်ဆစ်တစ်ယောက် မဟုတ်ပါဘူးလို့ ပြောထားတဲ့တိုင် အတိတ်တုန်းက ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီကို အကြီးအကျယ် ချီးကျူး ပြောဆိုဖူးတဲ့ အထောက်အထားတွေ အခိုင်အမာ ရှိခဲ့ကြောင်း သိရပါတယ်။