ပေါင်မြို့မှာ PDF တပ်ဖွဲ့ဝင် တဦးနဲ့ ပြည်သူခြောက်ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ဆို

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခေတ္တနေထိုင်တဲ့ စခန်း(နေအိမ်)တစ်ခု ဝင်ရောက် စီးနင်းခံရပြီးနောက် PDF တစ်ဦးနဲ့ ပြည်သူခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စု ကော့ကံ(အလယ်ရွာ)က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ခေတ္တနေထိုင်တဲ့ နေအိမ်(စခန်း)တစ်ခုကို အောက်တိုဘာ(၂၇) ရက်မှာ သတင်းပေးတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ PDF တစ်ဦးကျဆုံးခဲ့တဲ့အပြင် တစ်ဦးဖမ်းဆီးခံရပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာဖမ်းဆီးခံလိုက်ရတဲ့ PDF တပ်ဖွဲ့ဝင်ကတဆင့် တခြားနေအိမ်တစ်ခုမှာ နေထိုင်တဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး ကို ဒီကနေ့ မနက်မှာ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးခဲ့တဲ့အပြင် ပြည်သူငါးဦးကိုလည်း PDF နဲ့ ဆက်နွယ် မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပေါင်မြို့မရဲ စခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုဖမ်းမိထားတဲ့သူတွေက စစ်ဆေးချက်အရတော့ ဒေသခံတွေ မဟုတ်ဘူး” လို့ ပေါင်မြို့ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေကို ဘယ်နေရာကို ခေါ်ဆောင်သွားပြီး ဖမ်းဆီးထိန်းသိမ်း ထား တယ်ဆိုတာအဲ့ဒီနီးစပ်သူက ထည့်သွင်း ပြောဆိုတာမရှိဘဲ လက်ရှိ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို PDF တပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အတည်ပြုပေးနိုင်ဖို့ ပေါင်မြို့နယ်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ကို DNAက ဆက်သွယ်ကြိုးစားခဲ့ပေမယ့် ဒီကနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါပေမယ့် ဒီနေ့ နံနက်အစောပိုင်းမှာ ပေါင်မြို့နယ် တောင်ရှေ့ကျေးရွာက နေအိမ်တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် လူငယ်ပိုင်းအမျိုးသား၊အမျိုးသမီးတချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ တောင်ရှေ့ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာအစွန်းက အိမ်တစ်လုံးမှာ စစ်သားတွေအများကြီး ရောက်နေတာတွေ့လိုက်တယ်၊ လူငယ်လေးတွေ ဖမ်းသွား တာတော့ တွေ့လိုက်တယ်၊ မိန်းကလေးရောယောကျာ်လေးရောပဲ၊ အဝေးကဆိုတော့ ဘယ်နှစ်ယောက်လဲတော့ အဒေါ်သေချာမတွေ့ရဘူးပေါ့” လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ပေါင်မြို့နယ်မှာ တပ်အင်အားဖြည့်တင်းထားတဲ့အပြင် လုံခြုံရေးတင်း ကျပ် ထားပြီး ပိတ်ဆို့ရှာဖွေမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၆) ရက်နေ့ကလည်း ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်သုံး ဦးပစ်ခတ် ခံရပြီးနောက် စစ်ကောင်စီက ပြည်သူ ၁၀ ဦးဝန်းကျင် ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွတ်ပေးခဲ့ပေမယ့် တချို့ကိုတော့ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။