ရေပေးဝေမှု စနစ်ကို ရုရှားဒုံးကျည်တွေ ဖျက်ဆီးလိုက်လို့ ကိယက်ဗ်မြို့ခံတွေ ရေဘုံဘိုင်မှာ တန်းစီနေရ 

ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်က ဒေသခံတွေဟာ ရေဘုံဘိုင် (ရေတုံကင်)​တွေမှာ တန်းစီပြီး ရေခပ်ရတဲ့ အခြေအနေထိ ကြုံနေရကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဟာ ကိယက်ဗ် အပါအဝင် ယူကရိန်းက မြို့ကြီးတချို့ရဲ့ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရုရှား ဒုံးကျည်ဒဏ်ကြောင့် ဓာတ်အားပေး စက်ရုံတွေနဲ့ ရေဖြန့်ဝေရေး ပိုက်လိုင်းတွေ အတော်များများ ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ 

ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက နိုဝင်ဘာ ၁ ရက်နေ့ထိ အခြေအနေတွေအရ မြို့ခံလူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ရေပြတ်လပ်မှု ရင်ဆိုင်နေရပြီး အိမ်ခြေ ၂၇၀၀၀၀ ကျော်ကလည်း လျှပ်စစ်မီး မရသေးဘူးလို့ ပြောပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရုရှားဒုံးကျည်တွေ ကျရောက်မှုကြောင့် လူ ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ယူကရိန်း အစိုးရက ထုတ်ပြန်ထားပါတယ်။ 

နေအိမ်တွေကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပြတ်တောက်ကုန်သလို မီးတွေလည်း မလာတဲ့အခါ ကိယက်ဗ် မြို့ခံတွေဟာ ရေဘုံဘိုင်တွေမှာ ကိုယ်တိုင် တန်းစီပြီး ရေခပ်ကြဖို့အပြ်င တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီလုပ်ရပ်ဟာ ပင်လယ်နက်ထဲက ရုရှားစစ်သင်္ဘော တစ်စီးကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့ အစီအမံတွေထဲက အစိတ်အပိုင်း တစ်ခုလောက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ ယူကရိန်းကတော့ ရုရှားပစ်လွှတ်တဲ့ ဒုံးကျည် ၅၅ စင်းထဲမှာ ၄၅ စင်းထိ ပစ်ချနိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။ 

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရှေ့တန်းစစ်မြေပြင်မှာ ရလဒ်ဆိုးတွေ ပိုမို တွေ့ကြုံလာတဲ့နောက် ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။ ဆောင်းတွင်း ဝင်ရောက်လာရင် အရှေ့ဥရောပမှာ အအေးဓာတ် အရမ်းလွန်ကဲ ပြင်းထန်တတ်တာကြောင့် ရုရှားက ဓာတ်အားပေး ကွန်ရက်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ယူကရိန်း ပြည်သူတွေက ဒေါသထွက်နေကြပါတယ်။ 

ယူကရိန်း အစိုးရကလည်း စွမ်းအင်ချွေတာရေး အစီအမံသစ်တွေ ကျင့်သုံးပြီး ဓာတ်အား လျော့နည်းမှုကို တုံ့ပြန်ဖို့ ကြိုးစားနေပါတယ်။ ကိယက်ဗ်မှာဆိုရင် လမ်းမီးတွေ မဖွင့်တော့သလို ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြေးဆွဲတဲ့ ထရော်လီ ဘတ်စ်ကားတွေအစား သမားရိုးကျ ဘတ်စ်ကားတွေကို သုံးစွဲနေပါတယ်။ 

ယူကရိန်းမှာ အခြေခံ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ရှိနေပေမယ့် လုံခြုံရေးအရ အပျက်အစီး ဗီဒီယိုတွေကို နိုင်ငံတကာ မီဒီယာတွေဆီ ထုတ်ပြန်ပေးတာမျိုး အရမ်းရှားတယ်လို့လည်း သိရပါတယ်။