ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံ လမ်းညွှန်ချက်တွေအရ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာရှိတဲ့ Disneyland အပန်းဖြေ ကစားကွင်းကြီးကို ရုတ်တရက် ပိတ်လိုက်တာကြောင့် လာရောက်လည်ပတ်သူ ဧည့်သည်တွေ အများအပြား ပိတ်မိခဲ့ကြကြောင်း သိရပါတယ်။
တရုတ်မှာ ဇီးရိုးကိုဗစ်လို့ ခေါ်ဝေါ်ပြီး ကပ်ရောဂါ ပျံ့နှံ့မှုတွေကို တင်းတင်းကျပ်ကျပ် တုံ့ပြန်တဲ့ အစီအမံမျိုးတွေ ဆက်လက် ကျင့်သုံးနေဆဲဖြစ်ပါတယ်။ ဝေဖန်မှုတွေ အများကြီး ရှိနေပေမယ့် တရုတ် အစိုးရကတော့ ဇီးရိုးကိုဗစ်ကို စွန့်လွှတ်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေဆဲပါ။
အဲဒီ အစီအမံတွေအရ နေရာတစ်ခု၊ ဒေသတစ်ခုမှာ ကူးစက်နှုန်း မြင့်တက်လာပြီဆိုရင် ကြိုတင် မကြေညာဘဲ ချက်ချင်း Lockdown ချပစ်တာ၊ အသွားအလာ ကန့်သတ်ပစ်တာမျိုးတွေလည်း ပါဝင်ပါတယ်။ အခုလည်း ရှန်ဟိုင်းက Lockdown ရုတ်တရက် ကြေညာလိုက်တဲ့ ဧရိယာတွေမှာ Disneylandလည်း ပါသွားခဲ့တာကြောင့် ဧည့်သည်တွေ ပိတ်မိသွားခဲ့တာပါ။
အောက်တိုဘာ ၃၁ ရက်မှာ အပန်းဖြေ ကစားကွင်းကြီးရဲ့ တံခါးတွေကို ပိတ်လိုက်တဲ့နောက် အထဲမှာ ရှိနေသူ အားလုံးဟာ ဆေးစစ်မှု ခံယူပြီး Negativeအဖြေ ထွက်မှသာ အိမ်ပြန်ခွင့် ရမယ်လို့ မြို့တော် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။
ပြီးတော့ နေရာမှာတင် ဆေးစစ်ပေးမယ့် ကျန်းမာရေး ပညာရှင် အဖွဲ့တွေက Disneylandထဲ ရောက်လာပြီး လာရောက် လည်ပတ်သူတွေကို ဆေးစစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဧည့်သည်တွေ မကုန်မချင်း ဆေးစစ်နေတာကြောင့် တချို့ဟာ အတော်လေး ညနက်မှ အိမ်ပြန်ခွင့် ရခဲ့ကြပါတယ်။ ဒီကိစ္စတွေ အပြီးမှာတော့ Lockdown အမိန့်ကြောင့် ရှန်ဟိုင်း Disneylandကို ယာယီ ပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်မယ့်နေ့ကို သီးခြားကြေညာမယ်လို့ ပြောပါတယ်။
တရုတ်ရဲ့ စီးပွားရေး မြို့တော်အဖြစ် သတ်မှတ်ခံရတဲ့ ရှန်ဟိုင်းမှာ အောက်တိုဘာ ၃၁ ရက်က ကိုဗစ်လူနာအသစ် ၂၆၉၉ ဦးထိ တွေ့ရှိခဲ့ပြီး ဘာရောဂါ လက္ခဏာမှ မပြသူ ၁၀ ဦး ပါဝင်တယ်လို့ အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကပ်ရောဂါ အဦးအစ ကာလတွေတုန်းက ကမ္ဘာ့နိုင်ငံ အများအပြားဟာ တင်းကျပ်တဲ့ Lockdown အစီအမံတွေကို ကျင့်သုံးခဲ့ပေမယ့် မျက်မှောက်ကာလမှာတော့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေထဲမှာ ဇီးရိုးကိုဗစ်လို မူဝါဒမျိုးကို ဆက်လက် လက်ကိုင်ပြုထားတဲ့ တရုတ်တစ်နိုင်ငံသာ ကျန်ပါတော့တယ်။