ဘရာဇီး ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘော်ဆိုနာရိုကို သမ္မတဟောင်း လူလာ အနိုင်ယူ

 

အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘရာဇီး ရွေးကောက်ပွဲအပြီး သမ္မတဟောင်း လူးဝစ်ဇ် အင်နာစီယို လူလာ ဒါဆေးလ်ဗားက လက်ရှိ သမ္မတ ဂျဲ ဘော်ဆိုနာရိုကို အနိုင်ရသွားခဲ့ပါတယ်။ 

သူတို့နှစ်ဦးဟာ ပထမအဆင့် ရွေးကောက်ပွဲမှာ တခြား သမ္မလောင်းတွေထက် အပြတ်အသတ် မဲသာခဲ့ပေမယ့် သောင်ပြိုကမ်းပြို ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တာ မဟုတ်တဲ့အတွက် နှစ်ဦးတည်း ထိပ်တိုက် ဒုတိယအဆင့် ဆက်လက် ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဒုတိယအဆင့် ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေအရ လက်ဝဲယိမ်း သမ္မတဟောင်းက လက်ယာစွန်း လက်ရှိ သမ္မတအပေါ် ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၇၆ နှစ်အရွယ် လူလာဟာ နိုင်ငံကို တကျော့ပြန် ဦးဆောင်ခွင့် ရလာခဲ့ပါတယ်။ 

သူဟာ တစ်ချိန်က ဘရာဇီး နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို အဓိက မောင်းနှင်ခဲ့သူအဖြစ် အသိအမှတ်ပြု ခံရဖူးပေမယ့် အဂတိ လိုက်စားကြောင်း စွပ်စွဲမှုတွေကြောင့် နာမည်ပျက်ခဲ့ပြီး ထောင်ဒဏ် ရက်ပေါင်း ၅၈၀ ကျခံခဲ့ရပါတယ်။ လူလာရဲ့ နိုင်ငံရေးသမားဘဝ အနာဂတ် ဆုံးခန်းတိုင်သွားလောက်ပြီလို့ ခန့်မှန်းမှုတွေ ရှိခဲ့ရာကနေ အခုလိုမျိုး အကောင်းဆုံး ရလဒ်မျိုး တကျော့ပြန် ပိုင်ဆိုင်လာခဲ့တာပါ။ 

နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို အရှင်လတ်လတ် မြေမြှုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ သူဟာ ဒီနေရာ၊ ဒီအနေအထားဆီ ပြန်ရောက်လာပြီလို့ ရွေးကောက်ပွဲ ရလဒ်တွေ ကြေညာအပြီး ပထမဆုံး မိန့်ခွန်းမှာ လူလာက ထောက်ခံသူတွေကို ပြောပါတယ်။ 

သူဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစလို့ ၂၁၅ သန်းသော ဘရာဇီး ပြည်သူတွေကို ဦးဆောင်ရတော့မှာ ဖြစ်ကြောင်း၊ ဒီအခါမှာ သူ့အတွက် မဲပေးခဲ့တဲ့သူတွေ အတွက်ပဲ သီးသန့် ရပ်တည်တဲ့ သမ္မတမျိုး ဖြစ်လို့မရကြောင်း၊ ဘရာဇီးဟာ နိုင်ငံတစ်ခုတည်း ဖြစ်နေပြီး နိုင်ငံရေး အမြင်အရ နှစ်ခြမ်းကွဲနေတာမျိုး မဖြစ်သင့်ကြောင်း လူလာက ဆိုပါတယ်။ 

လူလာအနေနဲ့ ကပ်ရောဂါ ကာလမှာ ကျဆင်းသွားတဲ့ ဘရာဇီးရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အတွင်း ဘရာဇီး လူဦးရေ ၉ သန်းခွဲလောက်ဟာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ကို ရောက်ရှိသွားခဲ့ကြပါတယ်။ 

လူလာအတွက်တော့ ဘရာဇီး သမ္မတ ရာထူးကို တတိယမြောက် သက်တမ်းအဖြစ် ထမ်းဆောင်ခွင့် ရလာခြင်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၃ ကနေ ၂၀၁၀ ပြည့်နှစ်အထိ ဘရာဇီး သမ္မတအဖြစ် သက်တမ်း ၂ ကြိမ်ဆက် တာဝန်ယူခဲ့ဖူးပါတယ်။