ချဲလ်ဆီး၊ လီဗာပူးလ်တို့အတွက် ခါးသီးခဲ့တဲ့ စနေညချမ်း ပရီးမီးယားလိဂ် ပွဲစဉ်များ 

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချန်ပီယံ မန်ချက်စတာ စီးတီးက နိုင်ပွဲဆက်ခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်တို့ကတော့ အံ့ဩစရာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

လက်စတာစီးတီး ၀ – ၁ မန်ချက်စတာစီးတီး

အသင်းရဲ့ ဂိုးသွင်းစက် အဓိက တိုက်စစ်မှူး ဟာလန်း မပါခဲ့ပေမယ့် စီးတီးဟာ နိုင်သင့်တဲ့ ပွဲတစ်ပွဲကို မဖြစ်မနေ အနိုင်ရအောင် ကစားသွားခဲ့ပါတယ်။ ဒါပေမဲ့ ဟာလန်း မကစားနိုင်တဲ့ အခြေအနေတွေဆိုရင် စီးတီးအတွက် ဂိုးရဖို့ ရုန်းကန်ရနိုင်ကြောင်း ဒီပွဲက သတိပေး ခေါင်းလောင်းထိုးသံလည်း ဖြစ်လာပါတယ်။ ဧည့်သည်အသင်းက ပွဲကို ပိုပြီး စိုးမိုးထားနိုင်ပေမယ့် လက်စတာဂိုးသမား ဝက်ဒ်ရဲ့ ကာကွယ်မှုတွေကြောင့်ရော၊ ဂိုးပေါက် လွဲချော်မှုတွေကြောင့်ပါ ဂိုးရဖို့ ခက်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပေးလိုက်တာကတော့ ကွင်းလယ်လူ ဒီဘရိုင်းဖြစ်ပြီး ဒုတိယပိုင်း ပြန်အစမှာ အဆင့်မြင့် လှပလွန်းတဲ့ ပြစ်ဒဏ်ဘော ကန်ချက်နဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ လက်စတာရဲ့ ချေပဂိုး ရနိုင်လောက်တဲ့ အားထုတ်မှု တချို့ကိုလည်း စီးတီးဂိုးသမား အီဒါဆင် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် စီးတီးဟာ အာဆင်နယ်-နော်တင်ဟမ်ဖောရက်စ် ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဘရိုက်တန် ၄ – ၁ ချဲလ်ဆီး

ချဲလ်ဆီးကို စတင်ရောက်ရှိလာချိန် ကတည်းက ရှုံးပွဲမရှိဘဲ ရလဒ်တွေ တည်ငြိမ်အောင် စွမ်းဆောင်ပြထားတဲ့ မန်နေဂျာ ပေါ့တာအတွက် ပထမဆုံး ရှုံးပွဲအရသာကို ခါးခါးသီးသီး ခံစားခဲ့ရပါတယ်။ ပေါ့တာဟာ သူကျင်လည်ခဲ့ရာ အသင်းဟောင်း၊ နေရာဟောင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၄ မိနစ်မှာတင်ပဲ ချဲလ်ဆီး နောက်တန်းရဲ့ အမှားကနေ မစ်တိုမာ ဘောလုံးရသွားပြီး အနီးကပ် ပေးပို့တာကို ထရော့ဆက် ချဲလ်ဆီးဂိုးသမား ကယ်ပါကိုပါ လိမ်ခေါက် ကျော်ဖြတ်ပြီး ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ၁၃ မိနစ်မှာတော့ ဘရိုက်တန်ရဲ့ ထောင့်ကန်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း ချဲလ်ဆီး ကွင်းလယ်လူ လော့ဖ်တက်စ်ချိခ်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပြန်ပါတယ်။ ချဲလ်ဆီးရဲ့ ကံဆိုးမှုတွေက အတောမသတ်နိုင်သေးဘဲ ပထမပိုင်း ပြီးခါနီးမှာ ဘရိုက်တန် ဘယ်ခြမ်းက အက်စတူပီနန်ရဲ့ ဖြတ်ပို့တဲ့ ဘောလုံးကို ချဲလ်ဆီး ခံစစ်မှူး ချာလိုဘာက လျှောထိုးဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပြန်ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးက အခွင့်အရေးတချို့ ရခဲ့ပေမယ့်လည်း ဘရိုက်တန် ဂိုးသမား ဆန်းချက်ဇ်က ဆက်တိုက် လက်စွမ်းပြ ကာကွယ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာ ဂါလက်ဟာ ကန်တင်ပေးတဲ့ ဘောလုံးကို ဟာဗက်ဇ်က ခေါင်းတိုက်ပြီး ချဲလ်ဆီးအတွက် သိက္ခာဆယ် ချေပဂိုးတစ်ဂိုး ပြန်သွင်းပါသေးတယ်။ ဒါပေမဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ချဲလ်ဆီး နောက်တန်းရဲ့ ရှင်းထုတ်ပုံ မပြတ်သားရာကတဆင့် ဂရော့စ်က အနီးကပ် ကန်ခွင့်ရပြီး ဘရိုက်တန်အတွက် စတုတ္ထဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဘွန်းမောက်သ် ၂ – ၃ တော့တင်ဟမ် ဟော့စပါး

၂ ဂိုး ရှုံးနေရာကနေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်အောင် တော့တင်ဟမ်က Super Comeback လုပ်ပြသွားတဲ့ ပွဲပါပဲ။ ပွဲချိန် ၂၁ မိနစ်မှာ ညာတောင်ပံက တေဗန်နီးယား ဖြတ်ပို့တဲ့ ဘောလုံးကို မောရ်က အဆုံးသတ် ကန်သွင်းပြီး အိမ်ရှင် ဘွန်းမောက်သ်တို့ ပွဲကို စတင် ဦးဆောင်ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာလည်း ညဖက်ကနေ စမစ်သ် ခုပ်တင်ပေးလိုက်တဲ့ ဘောလုံးကို မောရ်ကပဲ အပြင်းခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းသွားပြန်ပါတယ်။ နှစ်ဂိုး ရှုံးနေပေမယ့် တော့တင်ဟမ်ရဲ့ ကစားပုံ အားလျော့မသွားဘဲ ဟွိုင်ဗျက်ဂျ်ရဲ့ ပေးပို့မှုကနေတဆင့် ၅၆ မိနစ်မှာ ဘယ်တောင်ပံ ကစားသမား ဆက်ဆက်နွန်က ပထမ ချေပဂိုး ပြန်လည် သွင်းယူပါတယ်။ ၇၂ မိနစ်မှာ ပါရီဆစ်ရဲ့ ထောင့်ကန်ဘောကို ဒေးဗီးစ်က ခေါင်းတိုက်ပြီး ချေပဂိုး ထပ်သွင်းလိုက်တဲ့နောက် တော့တင်ဟမ်ရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး ရောက်လာခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာတော့ ထောင့်ကန်ဘောကို ခေါင်းတိုက်ရာက ပြိုင်ဘက် ခံစစ်သမားနဲ့ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဘန်တက်ကာက မနားတမ်း ပိတ်သွင်းပြီး နှစ်ဂိုးပြတ် ရှုံးနိမ့်နေမှုကို နိုင်ပွဲအဖြစ် တော့တင်ဟမ်တို့ အကောင်းဆုံး ပြောင်းလဲပြနိုင်ခဲ့ပါတယ်။

လီဗာပူးလ် ၁ – ၂ လိဒ်စ်ယူနိုက်တက်

ဘောလုံးပရိသတ်တွေက အခုဆိုရင် လီဗာပူးလ်ကို ဘောလုံးလောကရဲ့ ရော်ဘင်ဟုဒ်လို့ အရွှန်းဖောက်နေကြပါပြီ။ ဒဏ္ဍာရီလာ တောပုန်းကြီး ရော်ဘင်ဟုဒ်ဟာ သူဌေးသူကြွယ်တွေရဲ့ စည်းစိမ်ချမ်းသာတွေကို ခိုးယူပြီး သူဆင်းရဲတွေကို ဝေမျှပေးခဲ့သလိုပဲ လီဗာပူးလ်ကလည်း ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံ မန်ချက်စတာ စီးတီးကိုတောင် မရမက အနိုင်ကစားပြပြီး အမှတ်ပေးဇယား အောက်ခြေက နော်တင်ဟမ်ဖောရက်စ်၊ လိဒ်စ်တို့လို အသင်းတွေကို ၃ မှတ် လှူဒါန်းပေးနေတာကြောင့်ပါ။ ဒီပွဲကတော့ ရှုံးချက်ပိုနာပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်ရဲ့ မဟာခံတပ်လို့ ကြွေးကြော်နိုင်တဲ့ အန်းဖီးလ်မှာတင် တန်းဆင်းဇုန် အသင်းကို ဒူးထောက်လိုက်ရလို့ပါပဲ။ ပွဲအစ ၃ မိနစ်မှာတင် လီဗာပူးလ် ညာနောက်ခံလူ ဂိုမက်ဇ်က ဂိုးသမား အလီဆန်ဆီ ဘောလုံးပြန်ပေးရာမှာ ရုပ်ပျက်ဆင်းပျက် လွဲချော်သွားရာက လိဒ်စ်တိုက်စစ်မှူး မိုရီနိုက လူမရှိတဲ့ ဂိုးပေါက်ထဲ သက်တောင့်သက်သာ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားပါတယ်။ ဒါပေမဲ့ ဒီဦးဆောင်မှုက သိပ်ကြာကြာ မခံဘဲ နောက်ထပ် ၁၀ မိနစ် အကြာမှာ ဘယ်နောက်ခံလူ ရောဘတ်ဆန် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဆာလားက မြေမကျကန်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ လိဒ်စ်ဟာ အန်းဖီးလ်မှာ လီဗာပူးလ်ကို ရှိန်မနေဘဲ အခွင့်အရေး ရတာနဲ့ တန်ပြန်တိုက်စစ်တွေကနေတဆင့် ဂိုးရဖို့ အားထုတ်နေခဲ့ပါတယ်။ ပြီးတော့ နှစ်သင်းလုံး ဂိုးထပ်ရနိုင်တဲ့ အနေအထားတွေ ရှိနေပေမယ့် ဂိုးသမားတွေက အသီးသီး လက်စွမ်းပြ ကာကွယ်နေခဲ့ကြပါတယ်။ ပွဲရဲ့ အဆုံးအဖြတ် ဂိုးကိုတော့ ပွဲပြီးခါနီး ၈၈ မိနစ်မှာ ဘမ်းဖို့ဒ် အနီးကပ် ပေးပို့တဲ့ ဘောလုံးကို ဆမ်းမားဗီးလ်က အပိုင်ကန်သွင်းပြီး လိဒ်စ်အတွက် အဖိုးတန် ၃ မှတ် ရယူပြီး အိမ်အပြန် လှပစေခဲ့တာ ဖြစ်ပါတယ်။