ဂန့်ဂေါတောင်ပိုင်း ခေါက်ခူရွာသားတဦးကို စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးအပြီးမှာ သတ်ဖြတ်ခံထားရတဲ့ ရွာသားတဦးရုပ်အလောင်းကိုတွေ့ရပြီး စစ်ကောင်စီကသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတ်ဖြတ်ခံထားရသူဟာ ဂန့်ဂေါ မြို့နယ် ခေါက်ခူကျေးရွာ ဒေသခံ အမျိုးသားတဦးဖြစ်ပြီး ဒေသခံတွေက ဒီကနေ့ အောက်တိုဘာ(၂၉)ရက် ညနေပိုင်းမှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။

ဂန့်ဂေါမြို့တောင်ပိုင်းက ခေါက်ခူကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ (၂၆)ရက် ညနေပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်လို့ အဲ့ဒီစစ်ကြောင်းက သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေကယူဆကြပါတယ်။

” ပြေးတာမလွတ်လိုက်တာထင်တယ်၊ ရွာအထွက်ဘက်မှာ သူ့ကိုမိသွားတာ၊ပြေးလွှားရင်း အပစ်ခံရတာလို့ထင်ပေမယ့် သေနတ်ဒဏ်ရာသုံးချက်က တ မင်ပစ်သတ်ထားပုံရတယ်” လို့ ရွာခံတစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ အသက်ခြောက်ဆယ်ဝန်းကျင် ဦးခင်မောင်သန်းဆိုသူဖြစ်ပြီး ရွာထဲမှာစခန်းချနေတဲ့စစ်ကောင်စီစစ်ကြောင်း ရွာကနေ ဂန့်ဂေါမြို့ကို ပြန်လည်ထွက်ခွာပြီးချိန် အောက်တိုဘာလ ( ၂၉) ရက်နေ့နေ့လယ်မှာ သူ့ရုပ်အလောင်းကို ရွာထဲမှာတွေ့ရှိခဲ့တာလို့သိရပါတယ်။
” တိုက်ပွဲဇုံအတွင်းမှာ ကျရောက်နေတယ်ဆိုရင်တော့ ဘယ်လိုနည်းနည်းနဲ့ဖြစ်ဖြစ်ရှောင်ဖိို့လိုပါတယ်၊သူတို့က ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဖမ်းနေတော့ ကျွန်တော်တို့မှာ အခက်တွေ့တယ်” လို့ PDF ဂန့်ဂေါတောင်ပိုင်းခေါင်းဆောင် ကိုဝေလေးက DNA ကိုပြောပါတယ်။

ဂန့်ဂေါခလရ ၅၀က စစ်ကြောင်းဟာအောက်တိုဘာ ၂၆ ရက်နေ့က ဂန့်ဂေါမြို့တွင်းကထွက်လာချိန် ဓားစာခံပြည်သူတွေတွေမပါတဲ့အတွက် လွတ်လွတ်လပ်လပ်ပစ်ခတ်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားခြောက်ယောက်သေဆုံးကာ နှစ်ဆယ်ကျော်ဒဏ်ရာရတယ်လို့ ကိုဝေလေးကပြောပါတယ်။

ဒဏ်ရာရတဲ့နှစ်ဆယ်ထဲက သုံးယောက်ဟာလည်း ဒီနေ့မှာသေဆုံးသွားကြောင်းထပ်သိရတယ်လို့ဆိုပါတယ်။

ခေါက်ခူရွာမှာ စစ်တပ်စစ်ကြောင်းစခန်းချနေချိန်အတွင်း ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီစစ်သားတွေကို ခေါက်ခူရွာထဲမှာပဲ ကုသကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့အနောက်ဖက်က ရှုံးရှီရွာသားပြည်သူငါးဦးကိုလည်း အောက် တိုဘာ ( ၂၆) ရက်မှာ ဖမ်းဆီးကာ လမ်းတလျှောက်ဓားစာခံအဖြစ် အသုံးပြုခဲ့ပြီး အောက်တိုဘာ ( ၂၉) ရက် ဒီကနေ့ ခေါက်ခူရွာကနေ စစ်ကြောင်းထွက်ခွာချိန်မှာတော့ ကြိုးဖြည်ပြီးလွှတ်ထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာခေါက်ခူရွာကနေဂန့်ဂေါခလရ ၅၀ တပ်ထဲ ပြန်ဆုတ်ခွာသွားတာဖြစ်တယ်လို့သိရပါတယ်။
စစ်ကြောင်းစထွက်လာတုန်းက စစ်ကားနှစ်စီးအပြည့်ဖြစ်ပေမယ့် အပြန်မှာတော့ စစ်ကောင်စီတပ်သား လေးဆယ် ဝန်းကျင်သာပြန်ပါလာပြီး မင်းရွာဖက်အထိထွက်ဖို့ရည်မှန်းထားတဲ့ အဆိုပါစစ်ကြောင်းဟာ အထိနာလို့ ဂန့်ဂေါမြို့ကို ပြန်ဆုတ်ခွာတာဖြစ်နိုင်တယ်လို့ ကာကွယ်ရေးအင်အားစုတွေက ပြောပါတယ်။