အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလော့စီရဲ့ ခင်ပွန်းဟာ နေအိမ်ထဲ ကျူးကျော်လာသူ တစ်ဦးရဲ့ ရန်ပြု တိုက်ခိုက်မှုကြောင့် အတော်လေး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ပေါလ်ပလော့စီဟာ ဦးခေါင်းခွံကွဲအက်ပြီး ညာလက်မောင်းနဲ့ လက်ဖျံတို့မှာလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အခုအခါမှာတော့ သူဟာ ခွဲစိတ်ကုသမှုတွေ ခံယူပြီး အခြေအနေ တိုးတက် ကောင်းမွန်လာနေတယ်လို့ ဆိုပါတယ်။
အသက် ၈၂ နှစ်အရွယ် ပေါလ်ဟာ ဆန်ဖရန်ဆစ္စကိုမြို့က နေအိမ်မှာ ရှိနေတုန်း တူတစ်လက် ကိုင်ထားတဲ့ အမျိုးသား တစ်ယောက်ရဲ့ ရန်ပြု တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ အဲဒီအမျိုးသားက နန်စီ ဘယ်မှာလဲ အရင်မေးပြီးတဲ့နောက် ပေါလ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်မှာ နန်စီက နိုင်ငံရဲ့ တစ်ဖက်ခြမ်း၊ အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်မြို့တော်ဆီ ရောက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ရဲတွေက အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားပြီး လူသတ်ရန် ကြံစည်မှု အပါအဝင် စွဲချက်တချို့အတွက် စစ်ဆေး မေးမြန်းနေပါတယ်။
ခင်ပွန်းသည် တိုက်ခိုက်ခံရတဲ့ သတင်းကို ကြားသိတဲ့နောက် နန်စီဟာ ဝါရှင်တန်ကနေ ချက်ချင်း ပြန်လာပြီး ဆေးရုံကို တန်းသွားခဲ့တယ်လို့ သိရပါတယ်။ နန်စီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပေါလ်ဟာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အခုလို ချောက်ချားစရာ တိုက်ခိုက်မှုမျိုးနဲ့ ကြုံခဲ့တာလို့ ပြောပါတယ်။
သူဟာ ဇက်ကာဘက်ဂ် ဆန်ဖရန်ဆစ္စကို အထွေထွေ ဆေးရုံမှာ တက်ရောက်ခဲ့ရပြီး ခွဲစိတ်မှု ခံယူခဲ့ရကြောင်း၊ ဆရာဝန်တွေက ပေါလ်ဟာ အပြည့်အဝ သက်သာ ပျောက်ကင်းလိမ့်မယ်လို့ ပြောဆိုထားကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
ဆန်ဖရန်ဆစ္စကို ရဲတပ်ဖွဲ့ကတော့ တိုင်ကြားမှု တစ်ခုကြောင့် သူတို့ရောက်ရှိသွားချိန်မှာ သံသယ တရားခံနဲ့ ပေါလ်တို့ လုံးထွေးသတ်ပုတ်ပြီး တူကိုလုယူနေတာ တွေ့ရကြောင်း ပြောပါတယ်။ ရဲတွေရဲ့ ထုတ်ပြန်ချက်မှာတော့ အိမ်ထဲခိုးဝင်ပြီး ရန်ပြုသူရဲ့ နာမည်ကို ဒေးဗစ်ဒီပက်ပီလို့ ဖော်ပြထားပါတယ်။
ကျူးလွန်သူဟာလည်း လောလောဆယ် ဆေးရုံတက်နေရတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပေမယ့် ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ ကနဦး စစ်ဆေးမှုတွေအရ ကျူးလွန်သူဟာ ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ နေထိုင်ကြီးပြင်းလာပြီး မိသားစုနဲ့ အဆင်မပြေတော့တဲ့အတွက် အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်သူလို့ သိရပါတယ်။