ကိုဗစ်ရောဂါ အစပြု ပျံ့နှံ့ခဲ့ရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က ဒေသခံ တချို့ဟာ နောက်တစ်ကြိမ် Lockdownချမှုကို ကြုံတွေ့ ခံစားရဦးမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတယ်ဆိုပြီး တရုတ် အာဏာပိုင်တွေက နိုင်ငံအနှံ့ ဒါဇင်နဲ့ချီတဲ့ မြို့တွေထဲက အတည်ပြုလူနာ အများအပြား တွေ့ရှိရာ ဧရိယာတွေကို Lockdown အမိန့်တွေ ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် သန်းနဲ့ချီ များပြားတဲ့ ပြည်သူတွေဟာ အသွားအလာ အနေအထိုင် ကန့်သတ်မှုတွေ ခံနေရပြီး အဲဒီထဲမှာ ကိုဗစ်ရဲ့ မူလရင်းမြစ် ဝူဟန်မြို့မှာ ရှိနေတဲ့ ဒေသခံ ၈ သိန်းကျော်လည်း ပါဝင်ပါတယ်။ ဝူဟန်က မြို့နယ်တစ်ခုမှာ အောက်တိုဘာ ၃၀ ထိ Lockdown ကြေညာထားပြီး လိုအပ်ရင် သက်တမ်း ထပ်တိုးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဝူဟန်ဟာ ကပ်ရောဂါ ဆိုးဆိုးရွားရွား ကူးစက်မှုတွေကြောင့် ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ တစ်မြို့လုံး Lockdown ချခံရတဲ့ ပထမဆုံးမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ အခုတော့ အိပ်မက်ဆိုးကြီးက သူတို့ဆီ တကျော့ပြန် ရောက်လာပြန်ပြီလို့ မြို့ခံတွေက ညည်းညူနေကြပါတယ်။
ဒီလို ကန့်သတ်ခံရတာတွေ ခဏခဏ ကြုံရတော့ လူတွေက ထုံတောင် ထုံနေပြီလို့ ဒေသခံ တစ်ယောက်က Reuters သတင်းဌာနကို အငေါ်တူးပြီး ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ iPhoneတွေ အများဆုံး ထုတ်လုပ်ရာ စက်ရုံကြီး တည်ရှိတဲ့ ကျန်ကျူမြို့မှာလည်း အလားတူ ကန့်သတ် Lockdown ချမှုတွေ ရှိနေပါတယ်။
တရုတ်ဟာ ၃ ရက်ဆက်တိုက် ပြည်တွင်း ကူးစက်ခံရသူဦးရေ ၁၀၀၀ ကျော် တွေ့ရှိလာတဲ့နောက် အခုလို မြို့နယ်အလိုက် Lockdown ချတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ တရုတ်ဟာ နိုင်ငံလူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပေးပြီးသား ဖြစ်သလို လက်ရှိ အချိန်မှာ Lockdown ချတာတွေက ခေတ်အခြေအနေနဲ့ မညီညွတ်တော့ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပေမယ့် တရုတ် အစိုးရကတော့ ဒီမူဝါဒကို မပြောင်းမလဲဘဲ စွဲစွဲမြဲမြဲ အသုံးပြုနေဆဲပါ။
အခုလ အစောပိုင်းမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇီးရိုးကိုဗစ်လို့ ခေါ်ဝေါ်တဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပြီး ဒါဟာ ကပ်ရောဂါ ဗိုင်းရပ်စ်နဲ့ တိုက်ပွဲမှာ လူသားတွေ လိုက်နာရမယ့် စစ်စည်းကမ်း တစ်ခုအဖြစ် သဘောထားသင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ တွေ့ရှိတဲ့ အမျိုးအမည်မသိ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေ စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ နောင်တစ်ချိန်မှာတော့ အဲဒီဗိုင်းရပ်စ်ကို Sars-Cov-2လို့ နာမည်ပေးပြီး ဖြစ်ပွားတဲ့ ရောဂါကိုတော့ ကိုဗစ်လို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအလိုက် အစိုးရတွေ၊ တရားဝင် အဖွဲ့အစည်းတွေ အသီးသီးက ထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုဗစ်ကြောင့် သေဆုံးသူ ၆.၆ သန်းလောက်ထိ ရှိနေကြောင်း သိရပါတယ်။ လေ့လာ စောင့်ကြည့်သူတွေကတော့ ကပ်ရောဂါကြောင့် အမှန်တကယ် အသက်ဆုံးရှုံးသူ အရေအတွက်ဟာ အဲဒီထက် အများကြီး ပိုနိုင်ကြောင်းလည်း မှတ်ချက် ပေးထားကြပါတယ်။