အီရန်က ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ်ဘီးမှာ အလောင်းရှာတွေ့

အီရန်ကနေ ဂျာမနီကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးမှာ ကပ်တွယ်ပါလာတဲ့ အလောင်းတစ်လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ 

အောက်တိုဘာ ၂၇ ရက်က ဖရန့်ဖတ် လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ခရီးစဉ် အမှတ် ၆၀၁ လေယာဉ်ရဲ့ ကိုယ်ထည် အောက်ပိုင်းမှာ အမျိုးသား တစ်ယောက်ရဲ့ အလောင်းကို ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေက ရှာတွေ့ခဲ့ကြောင်း ဂျာမန် လေကြောင်းလိုင်း Lufthansaက အတည်ပြုပါတယ်။ 

Airbus A340 အမျိုးအစား လေယာဉ်ဟာ အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်ကနေ ဖရန့်ဖတ်မြို့ဆီ ပျံသန်း ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် အပြီးမှာ Lufthansaက ဖရန့်ဖတ်နဲ့ တဟီရန် ပြေးဆွဲတဲ့ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေလိုက်ပါတယ်။ 

မျက်မြင်တချို့ရဲ့ အဆိုအရ လေယာဉ်ပေါ်က ခရီးသည်တွေ အားလုံး ဆင်းသွားပြီး လေယာဉ်ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ ဂိုဒေါင်ဆီ ဆွဲယူလာပြီးချိန်မှာ အလောင်းကို ရှာတွေ့ခဲ့တာလို့ သိရပါတယ်။ 

သေမှုသေခင်းနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးပေမယ့် အဲဒီအမျိုးသားဟာ လေယာဉ်ဘီး ဝင်ရိုးမှာ ခိုတွယ်ပြီး ဂျာမနီထိ လိုက်ပါလာခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတွေက ကနဦး ယူဆထားပါတယ်။ နိုင်ငံရေး၊ စီးပွားရေး ကျပ်တည်းနေတဲ့ နိုင်ငံတချို့က ဒေသခံတွေဟာ နိုင်ငံကြီးတွေဆီ ရွှေ့ပြောင်း ခိုလှုံနိုင်ဖို့ အသက်ကိုပါ ရင်းရတဲ့ အခုလို စွန့်စားမှုမျိုးကို အရင်ကလည်း ပြုလုပ်ခဲ့ကြဖူးပါတယ်။ 

လက်ရှိမှာတော့ အီရန်နိုင်ငံမှာ ဘာသာရေးရဲတွေရဲ့ အညှာအတာ ကင်းမဲ့မှုကို မကျေနပ်လို့ အုံကြွလာတဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဖြစ်ပေါ်နေပါတယ်။ အီရန်ရဲ့ ဆင်ဆာ တင်းကြပ်မှုတွေကြောင့် ပြည်တွင်းက အခြေအနေတွေကို အတိအကျ ဆန်းစစ်ဖို့ ခက်နေပေမယ့် တင်းမာမှုတွေ အရမ်းဆိုးဆိုးရွားရွား မြင့်တက်နေတယ် ဆိုတာကတော့ ထင်သာမြင်သာ ဖြစ်နေပါတယ်။ 

အီရန်က နိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီး လေကြောင်းလိုင်းရဲ့ ပြေးဆွဲ ပျံသန်းမှုတွေ ရပ်တန့်ထားမလား ဆိုတာကိုတော့ Lufthansaက တိတိကျကျ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။