ဇော်မဲလုံးနဲ့ သတင်းညာပညာ  

လူမှုအဖွဲ့အစည်းအတွင်းမှာ သတင်းတွေ ရေးသားတင်ဆက်မှုနဲ့ပတ်သက်တဲ့ သတင်းစာပညာကို ပြောမယ် ဆိုရင် စာအုပ်ပေါင်းများစွာ ရှိတာပေါ့။ အခြေခံ၊ အဆင်မြင့်၊ အထူးပြုစသဖြင့် ပညာရပ်ခွဲတွေ များစွာ၊ များစွာပေါ့။ 

အဲ့ဒီပညာရပ်ကိုတော့ ကိုရင်လည်း လက်လှမ်းမမီပါဘူး။ အခုက အဲဒီသတင်းစာပညာရပ်တွေနဲ့မတူ တစ်မူထူးတဲ့ သတင်းညာဆိုတဲ့ ပညာရပ်တစ်ခုပေါ်ထွက်လာတဲ့အကြောင်းကို ပြောချင်တာပါ။ 

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမအလ နိုင်ငံကို မတရားသဖြင့် အာဏာသိမ်းယူပြီးချိန် ကစလို့၊ ဇော်မဲလုံး ပြန်ကြားရေးဝန်ကြီးဌာနကို အာဏာသိမ်းပြီးချိန်ကစလို့ အခုသတင်းညာပညာရပ်ကြီး ပေါ်ထွန်း လာခဲ့တာပဲ ဖြစ်ပါတယ်။

သူ့ဆရာမအလက နိုင်ငံကို မတရားသဖြင့် အာဏာသိမ်းလိုက်ချိန်မှာပဲ ဇော်မဲလုံးဟာ သူနဲ့ နဂိုကတည်းက ထွေး ရောယှက်တင်နေလာခဲ့တဲ့ သူ့ရဲ့အောက်ဆွဲ မီဒီညာသမားတွေကို စုလိုက်ပါတယ်။ ဇော်မဲလုံး သတင်းမှန် မပြန်ကြားရေးအဖွဲ့မှာ တာဝန်ယူထားစဉ်ကတည်းက လက်ဝါးရိုက်လာခဲ့ကြသူတွေလို့ ပြောရင်လည်း မမှားပါဘူး။ သူတို့နဲ့ ပြန်ကြားရေးဝန်းကြီးဌာနမှာ တွေ့ကြပါတယ်။

အဲဒီ့တွေ့ဆုံပွဲမှာ သူ့ရဲ့ သတင်းညာပညာရပ်ကို ချပြပါတယ်။ သူ့ရဲ့ သတင်းညာပညာရပ်မှာ အခန်းကြီးသုံးခန်း ပါဝင်ပါတယ်။ အဲဒါတွေကတော့ –

(၁) သတင်းညာရှင်းလင်းမှု

(၂) သတင်းညာထုတ်ပြန်မှု

(၃) သတင်းညာဖြေကြားမှုဆိုတဲ့အခန်းတွေပဲဖြစ်ပါတယ်။

နံပါတ်(၁)ဖြစ်တဲ့ သတင်းညာရှင်းလင်းမှုနဲ့ပတ်သက်ပြီး ဇော်မဲလုံးက ရှင်းလင်းရာမှာတော့ သူဟာ အခုဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူထားရပြီး သတင်းထုတ်ပြန်ရေးပိုင်းမှာ ဦးဆောင်သူအဖြစ်လည်း တာဝန်ယူ ထားရပြီဖြစ်တဲ့အတွက် သတင်းညာရှင်းလင်းပွဲတွေကို မကြာခဏလုပ်သွားရဖို့ရှိတဲ့အကြောင်း၊ သတင်းညာ ရှင်းလင်းပွဲမလုပ်ခင် လက်ဝါးရိုက်မီဒီညာများအနေနဲ့ မေးခွန်းတွေ ကြိုတင်ပေးပို့ရမှာဖြစ်ပြီး အဲဒီမေးခွန်းတွေထဲမှာ စစ်ကောင်စီကို ထိခိုက်စေတဲ့မေးခွန်းတွေ မပါဖို့၊ တပ်မတော်ရဲ့ အကြမ်းဖက်မှုများအပေါ် မေးခွန်းမထုတ်ဖို့၊ ဗိုလ်ချုပ်မှူးကြီးမအလ လုပ်သမျှအကောင်းမြင်စိတ်နဲ့ ချီးကျူးမေးမြန်းဖို့တွေသာပါဝင်ရမှာဖြစ်ပြီး အဲဒီအချက်တွေ နဲ့ဆန့်ကျင် မေးမြန်းလာတဲ့ မေးခွန်းတွေကိုတော့ လျစ်လျှူရှုထားမှာဖြစ်ပြီး အဲဒီမီဒီညာဟာလည်း အရိုးအရင်း ရရှိခံစားခွင့်ဆုံးရှုံးသွားမှာဖြစ်ကြောင်းတွေ ထည့်သွင်းရှင်းလင်းသွားပါတယ်။ 

ဒီသတင်းညာရှင်းလင်းမှုဆိုတာကို အနှစ်ချုပ်ပြီးပြောရရင်တော့ ညာထား၊ လိမ်ထားတဲ့ သတင်းကိုသာ မေးသူ အရိုးကိုက်နဲ့ ဖြေသူအရိုးကျွေးတို့ဘက်က နှစ်ဦးနှစ်ဖက်အတိုင်အဖောက်ညီညီ ချိတ်ဆက်ရှင်းလင်းသွားဖို့ ဖြစ်ပါ တယ်။

နံပါတ်(၂)အချက်ဖြစ်တဲ့ သတင်းညာထုတ်ပြန်မှုနဲ့ပတ်သက်ပြီး ရှင်းရာမှာလည်း မိမိဟာ မိမိတို့ စစ်ကောင်စီ ဘက်မှ မီးရှို့၊ လူသတ်၊ မုဒိန်းကျင့်စတဲ့ အသာစီးရအကြမ်းဖက်တဲ့လုပ်ရပ်များအပေါ် သတင်းထုတ်ပြန်သွားမှာ မဟုတ်ဘဲ မသိချင်ယောင်ဆောင်တဲ့သတင်းညာပညာကို အသုံးပြုမှာဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများ အကျအဆုံး ရှိတဲ့အပေါ်လည်း သတင်းထုတ်ပြန်မှာမဟုတ်ကြောင်း၊ အထူးသဖြင့် လူထုကြား ဝါဒဖြန့်ဖို့လိုအပ်တဲ့ သတင်းမှား များကိုသာ သတင်းညာပညာအသုံးပြု ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း၊ ဥပမာ PDF ဟာ ဆိုးကြောင်း၊ PDF ဟာ အကြမ်းဖက်ကြောင်း၊ PDF ဟာ လူမဆန်ကြောင်း။

ဒီသတင်းညာထုတ်ပြန်မှုကိုလည်း အနှစ်ချုပ်ပြီးပြောရရင် ညာထား၊ လိမ်ထားတဲ့ သတင်းတွေကို အရိုးကျွေးဘက် က အရိုးကိုက်များထံ အချိန်နဲ့တစ်ပြေးညီ ဖြန့်ဝေပေးသွားမယ့် အလိမ်၊ အညာသတင်းများသာ ဖြစ်ပါတယ်။ ဒါကို အရိုးကိုက်များဘက်ကလည်း အချိန်နဲ့တစ်ပြေးညီ မိမိတို့သက်ဆိုင်ရာမီဒီညာများကနေ ဝါဒဖြန့်ပေးကြဖို့ပါပဲ။

နံပါတ်(၃)အချက်ဖြစ်တဲ့ သတင်းညာဖြေကြားမှုနဲ့ပတ်သက်ပြီး ပြောရာမှာလည်း လက်ဝါးရိုက်၊ အရိုးကိုက်၊ အောက်ဆွဲ အတင်းမီဒီညာများအနေနဲ့ ဆက်သွယ်မေးခွန်းမေးမြန်းကြတဲ့အခါ မိမိဘက်က ဖြေကြားလိုတဲ့ မေးခွန်း များသာ မေးမြန်းသွားဖို့ဖြစ်ကြောင်း၊ ဥပမာ တပ်မတော် ကောင်းကြောင်း၊ စစ်ကောင်စီ ကောင်းကြောင်း၊ NUG မကောင်းကြောင်း၊ PDF မကောင်းကြောင်း။

ဒီအတွက် အထူအပါးကို နားလည်ဖို့ လိုကြောင်း၊ အထူအပါးနားလည်ဖို့ဆိုပါက မိမိခိုးဖွင့်ထားတဲ့ Facebook Group ထဲဝင်ထားဖို့လိုကြောင်း၊ သို့မှသာ မိမိတို့ နီးနီးကပ်ကပ်လက်ဝါးရိုက်ကာ လိမ်သတင်း၊ ညာသတင်းများကို အချိန်နဲ့ တစ်ပြေးညီလည်း ထုတ်ပြန်ဖြန့်ဝေသွားနိုင်မှာဖြစ်ကြောင်းတို့ကို ပြောပါတယ်။

ဒီသတင်းညာဖြေကြားမှုဆိုတာကို အနှစ်ချုပ်ရရင်လည်း ဖြစ်စဉ်မှန်ကနေ သွေဖည်နေတဲ့ ညာထား၊ လိမ်ထားတဲ့ အရိုးကျွေးသူဘက်က ဖြေဆိုချက်တွေကို အရိုးကိုက်သူများဘက်က သတင်းများအဖြစ် သတင်းညာပညာကို အသုံးပြုထုတ်ပြန်ပေးဖို့ပါပဲ။

ဒီလိုနဲ့ ဇော်မဲလုံးနဲ့ လက်ဝါးရိုက်၊ အရိုးကိုက်၊ အောက်ဆွဲမီဒီညာတို့ပေါင်းပြီး သတင်းညာပညာရပ်ကိုအသုံးပြု သတင်းတွေဖြန့်ဝေလာခဲ့လိုက်တာ အခုဆို နှစ်နှစ်နီးပါးဆီတောင် ဆိုက်ရောက်လာခဲ့ပါပြီ။ 

ဒီနှစ်နှစ်တာအတွင်းမှာ ဇော်မဲလုံးက “သတင်းညာရှင်းလင်းပွဲလုပ်မယ်ဟေ့”ဆိုပြီး မီဒီညာတွေကို ခေါ်လိုက် အလိမ် အညာသတင်းတွေ ဖြန့်လိုက်၊ “ဒါမေးပေး ဒါဖြေမယ်ဟေ့”နဲ့ လက်ဝါးရိုက်လိုက်၊ Facebook Group ထဲက သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူချင်းတွေ့၍သော်လည်းကောင်း “ဒါလေးပြောလိုက်ဟေ့” ဆိုပြီး အလုံးလေးပစ်ပေးလိုက် အောက်ဆွဲမီဒီညာများက သူ့ထက်ငါဦးအောင် အလုံးကို အလုအယက်ငုံလိုက်နဲ့ သတင်းညာပညာကို ပီပီပြင်ပြင်အသုံးချနေကြပါတော့တယ်။     ။

ကိုရင်နွေဦး