လာဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ပစ်ပြီး ခုခံခဲ့တဲ့ ဘရာဇီး လွှတ်တော်အမတ်ဟောင်း 

ဘရာဇီး လွှတ်တော်အမတ်ဟောင်း တစ်ဦးဟာ သူ့ကို လာဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ပြီး တုံ့ပြန်ခဲ့တာကြောင့် ရဲနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲဝင် ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ ရောဘတ်တို ဂျက်ဖာဆန်ဟာ ရီယိုဒီဂျနေရိုးမြို့က သူ့အိမ်ဆီ ရောက်လာတဲ့ ရဲတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်ပြီး ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရိုင်ဖယ် သေနတ်နဲ့လည်း အချက်ရေတချို့ လှမ်းပစ်ခဲ့ပြန်ပါတယ်။ နောက်ဆုံးကျမှသာ သူက လက်လျှော့လိုက်ပြီး ရဲတွေဆီမှာ အဖမ်းခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဂျက်ဖာဆန်ဟာ ဘရာဇီးရဲ့ တရားသူကြီးချုပ် ကာမန်လူရှာကို အွန်လိုင်းကနေ ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် နေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ချမှတ် ခံထားရသူပါ။ ဒါပေမဲ့ ဂျက်ဖာဆန်က တူညီတဲ့ ပြစ်မှုကိုပဲ ဆက်တိုက် ကျူးလွန်နေပြီး တရားသူကြီးချုပ်ကို စုန်းမတစ်ယောက်၊ ပြည့်တန်ဆာ တစ်ယောက်လို့ ထိုးနှက် တိုက်ခိုက်ခဲ့သလို သတင်းမှားတွေပါ ဖြန့်နေတဲ့အတွက် ရဲတွေက သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဂျက်ဖာဆန်ရဲ့ နာရီဝက်လောက်ကြာအောင် တစ်ကိုယ်တော် ခုခံမှုကြောင့် ရဲနှစ်ဦး ဗုံးအစအန ထိမှန်ပြီး သိပ်မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ရဲကားတစ်စီးလည်း ပျက်စီးသွားတာကြောင့် ကရိန်းကားနဲ့ ဆွဲထုတ်သွားရပါတယ်။ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြောင့် ရပ်ကွက်ထဲမှာလည်း အထိတ်တလန့် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဂျက်ဖာဆန်ဟာ လက်ရှိ ဘရာဇီး သမ္မတ ဂျဲဘော်ဆိုနာရိုရဲ့ အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာနဲ့ ညွှန်းဆိုခဲ့ဖူးပါတယ်။ ဘော်ဆိုနာရိုကတော့ အခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတွေကို ဒဏ်ရာရအောင် တုံ့ပြန် တိုက်ခိုက်တဲ့ ဘယ်သူမဆို ဥပဒေကြောင်းအရ အရေးယူ ခံရမှာသာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေကို လက်နက်ကိုင် တိုက်ခိုက်တယ် ဆိုတာက လူရမ်းကားတွေရဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့လည်း ဘော်ဆိုနာရိုက ဝေဖန်ပါတယ်။ 

ဒါပေမဲ့ တစ်ဖက်မှာလည်း ဂျက်ဖာဆန်အပေါ် တရားရုံးရဲ့ စွပ်စွဲချက်တွေ၊ စီရင်ချက်တွေကလည်း ဒီမိုကရေစီ စံနှုန်းတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီဘဲ ပုဂ္ဂိုလ်ရေး ဦးတည်သလို ဖြစ်နေကြောင်း သမ္မတက စွပ်စွဲခဲ့ပါသေးတယ်။ ရဲတွေကို လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့တဲ့ ဂျက်ဖာဆန်ကတော့ တစ်မှုပေါ် နှစ်မှုဆင့်ပြီး စွဲချက် အသစ်တွေနဲ့ပါ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။