အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်က နိုင်ငံ အရှေ့ပိုင်းမှာ လူပေါင်း ၂၅၀ ကျော် စီးနင်း လိုက်ပါခဲ့တဲ့ ကူးတို့ရေယာဉ် မီးလောင်ခဲ့တာလို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အရှေ့နူဆာ တန်ဂါရာ ဒေသက တီမော ကျွန်းနားမှာ KM Express Cantika 77 စက်လှေ မီးလောင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း အတည်ပြုပါတယ်။
ကူးတို့ရေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၂၅၄ ယောက် လိုက်ပါလာရာမှာ ၂၄၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ စက်လှေ မီးလောင်ချိန်မှာ ခရီးသည်တွေက ထိတ်လန့်တကြားနဲ့ ရေထဲ ခုန်ချခဲ့ကြတယ်လို့လည်း မျက်မြင်တွေက ဆိုပါတယ်။
အလောင်း ၁၃ လောင်း ရှာတွေ့ခဲ့ကြောင်း၊ ကျန်တဲ့ ၂၄၁ ဦးစလုံးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲ ပူတူး ဆူဒါယာနာက ပြောပါတယ်။
ရေယာဉ် မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကူးတို့ရေယာဉ်ရဲ့ အပေါ်ထပ်ကနေ မီးစလောင်ပြီး နေရာအနှံ့ကို ကူးစက်သွားခဲ့တာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မီးသတ်တပ်ဖွဲ့ရဲ့ လှေ ၃ စီးအပြင် ဒေသခံ တံငါလှေတွေကပါ ပူးပေါင်း ကူညီခဲ့ကြပါတယ်။
ကျွန်းစုပေါင်း ၁၇၀၀၀ လောက် ပါဝင်ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှ နိုင်ငံမှာ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍအတွက် ရေလမ်းခရီးကို အဓိက အားပြုနေရပေမယ့် လုံခြုံရေးစံနှုန်း ကြီးကြပ်မှု အားနည်းချက်တွေကြောင့် မတော်တဆမှုတွေ မကြာခဏ ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ဆူမာတြား ကျွန်းပေါ်မှာရှိတဲ့ ကမ္ဘာ့အနက်ဆုံး ရေကန်ကြီးတွေထဲက တစ်ခုမှာ စက်လှေ နစ်မြုပ်ပြီး လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။