ကမာကြည်တံတားပေါ်ကနေ အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတဦး ငမိုးရိပ်ချောင်းထဲ ခုန်ချ သတ်သေ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ အမှတ်(၂)ကမာကြည် တံတား ပေါ်ကနေ အသက်နှစ်ဆယ်အရွယ် အမျိုးသမီးတဦး ခုန်ချသတ်သေတဲ့ဖြစ်စဉ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

ဒီကနေ့မနက် ကိုးနာရီဝန်းကျင်မှာ အသက်နှစ်ဆယ်အရွယ်အမျိုးသမီးတဦးဟာ ကမာကြည်တံတား အမှတ် (၂) ပေါ်ကနေ ငမိုးရိပ်ချောင်းထဲ ခုန်ချသွားတယ်ဖြစ်တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ချောင်းထဲခုန်ချသွားတဲ့ အမျိုးသမီးကို ရှာဖွေဖို့ကြိုးပမ်းနေပေမယ့် လက်ရှိမှာ ငမိုးရိပ်ချောင်းအတွင်း ရေစီးသန်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ မလွယ်ကူတဲ့အခြေ အနေရှိနေတယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။

ရန်ကုန်မြို့ နေရာအများအပြားမှာ ဒီကနေ့ မနက်အစောပိုင်းကတည်းက မိုးရွာသွန်းနေပြီး ရာသီဥတု ဆိုးရွားနေတာပါ။

ဖြစ်စဉ်နဲ့ပတ်သက်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့တာဝန်ရှိသူတွေ ဖြစ်စဉ်ဖြစ်တဲ့နေရာကို သွားရောက်ကူညီနေကြဆဲဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားပါတယ်။

ခုန်ချသွားတဲ့ အမျိုးသမီးကို ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ကူညီပေးနေပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်(ခ)ရပ်ကွက်အခြေပြု ပရဟိတအသင်းကလည်း လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ဖြစ်စဉ်တွေ အများအပြားရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ (၁၄)ရက်ကလည်း သာကေတမြို့နယ်နဲ့ သုဝဏ္ဏ ဆက်သွယ်ထားတဲ့ ကမာကြည်တံတားပေါ်ကနေ အမျိုးသားတဦး ခုန်ချသေဆုံးခဲ့ပါသေးတယ်။

အဲ့ဒီအမျိုးသားရဲ့ရုပ်အလောင်းကိုတော့ နောက်တရက် စက်တင်ဘာ (၁၅)ရက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြန် လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သာကေတမြို့နယ်အတွင်းမှာလည်း အထပ်မြင့်တိုက်တခုမှာနေထိုင်တဲ့ အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးမှု အခု လ(၁၉)ရက်က ဖြစ်ပွားခဲ့ပါသေးတယ်။